သီပေါ ကျားဖြူပါတီကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်

By MPM 13 ဇန်နဝါရီ, 2026 👁

သျှမ်းပြည် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။

သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးကောင်းသက်စံ သည် များစွာသော အခက်အခဲများနှင့် စိတ်ဆင်းရဲမှုများကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့က ၎င်း၏ ဖေ့စ်ဘုတ် လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးထားသည်။

ထိုသို့ ရွေးကောက်ပွဲမှ နုတ်ထွက်မည့် ကိစ္စနှင့်ပတ်သက်၍ အကြောင်းအရင်း သိရှိနိုင်ရန် သျှမ်းသံတော်ဆင့်မှ ဦးကောင်းသက်စံထံ ဆက်သွယ်မေးမြန်းခဲ့ရာ “ကျနော်ပြန်ဖြေပေးပါမယ်၊ လောလောဆယ် စိတ်ရှုပ်နေမိသေးလို့ပါ” ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ပထမပိုင်းပြီးနောက် တိုင်းရင်းသားနိုင်ငံရေးပါတီများအတွက် သတိပေးခေါင်းလောင်း ထိုးလိုက်ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် သျှမ်းပြည်နှင့် ကရင်ပြည်နယ်မှ မဲရလဒ်အချို့ လက်ခံနိုင်ရန် ခဲယဉ်းကြောင်း ဦးကောင်းသက်စံ၏ ဖေ့စ်ဘုတ်လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ထို့အပြင် တိုင်းရင်းသားပါတီများ အဓိက ရှုံးရခြင်းသည် မဲဆန္ဒနယ်ကို ပြည့်ဝစွာ ယှဉ်ပြိုင်ခွင့် မရှိခြင်း၊ ပြည်သူများ အပြည့်အဝ မဲလာမပေးခြင်း၊ လုံခြုံရေးအရ အာမခံချက် မပေးနိုင်ခြင်းနှင့် မှန်းဆ၍မရသည့် ကြိုတင်မဲများကြောင့် ရှုံးနိမ့်ခဲ့ရသည်ကို တွေ့ရကြောင်း ဆက်လက်ရေးသားထားသည်။

စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ကြိုတင်မဲများနှင့် ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတမှု မရှိကြောင်း ကျားဖြူပါတီမှ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထံ ဇန်နဝါရီလ (၂) ရက်တွင် စာပို့အကြောင်းကြားခဲ့ကြောင်း SNDP ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်း က သျှမ်းသံတော်ဆင့်ကို ဖြေကြားထားသည်။

“ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ကြိုတင်မဲ ယူတဲ့အချိန်မှာ မပါဘူး၊ မသိလိုက်ရဘူး အဲဒါတွေကြောင့်။ နောက်ပြီး ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကျွန်တော်တို့ ခံစားရတယ်။ ဒုတိယအသုတ်နဲ့ တတိယအသုတ် ရွေးကောက်ပွဲလုပ်တယ် ဆိုရင် ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ပါ ဆိုတာကို ကျနော်တို့ က မေတ္တာရပ်ခံတာပါ” ဟု ကျားဖြူပါတီ SNDP ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောသည်။

သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှစ်ပါတီသာ ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းထားသည်။

သီပေါမြို့နယ်သည် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်၍ မြို့ပေါ်ရပ်ကွက်နှင့် ဘော်ကြို၊ လောင်ခွန်၊ စံဖိတ်၊ ကွန်ကျောင်း၊ နောင်ကတ် စသည့် ကျေးရွာအုပ်စုများသာ ကျင်းပနိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေထဲတွင် ကျေးရွာအုပ်စု (၅၀) ကျော်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထုတ်ပြန်ထားသည်။

သျှမ်းသံတော်ဆင့်