သျှမ်းပြည်၊ သီပေါမြို့ရှိ မြို့ဝင်ဆိုင်းဘုတ် ဆေးရောင်ပြောင်းခြင်းကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း TNLA တာဝန်ရှိသူတို့ထံက သိရသည်။
TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မြို့ဝင်ဆိုင်းဘုတ်ရှိ သျှမ်း၊ အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးထားသော သီပေါမြို့ အမည်စာလုံးများ ဖျက်ဆီးခံရပြီး သျှမ်းပြည်အလံရှိ ဝါစိမ်းနီအရောင်များဖြင့် ဆေးခြယ်ထားသည့် သျှမ်းပြည်မြေပုံလည်း အရောင်ပြောင်း ဆေးခြယ်ခံလိုက်ရသည့်အပေါ် ထိုသို့ပြောဆိုခြင်းဖြစ်သည်။
ယခုကဲ့သို့ သီပေါမြို့ဝင်ဆိုင်းဘုတ် ဆေးရောင်ပြောင်းခြင်းကို TNLA လက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး TNLA ဗဟိုမှ ညွှန်ကြားချက်မဟုတ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဖြေကြားပြောဆိုသည်။
“ဒီဟာကို သေချာလေး ပြန်စုံစမ်းလိုက်တဲ့အချိန်မှာ သီပေါမြို့မှာရှိတဲ့ အဝင်ဆိုင်းဘုတ်မုခ်ဦးကို ကျမတို့ မြို့နယ် စည်ပင်သာယာရေးက ဆောင်ရွက်တာဖြစ်ပါတယ်။ လက်ရှိကတော့ မြို့နယ်စည်ပင်သာယာရေးကတော့ မြို့အဝင်မှာရှိတဲ့ ကျေးရွာဖွံ့ဖြိုးရေးနဲ့ ဆိုင်းဘုတ်မှာရှိတဲ့ သူ့ရဲ့အရောင်ကာလာတွေကို ပြန်လည်မွမ်းမံတာ ဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောသည်။
TNLA လက်အောက်ခံ စည်ပင်သာယာရေးမှ သီပေါမြို့ဝင်ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်နေကြောင်း သိရသော်လည်း မူလအတိုင်း သျှမ်း၊ အင်္ဂလိပ်စာလုံးများ ပြန်လည်ရေးသားသည်ကို မတွေ့ရသေးကြောင်း ဒေသခံများက ဆိုသည်။
“တခြားသောဟာတွေ ပယ်ဖျက်တာမျိုး၊ အခြား သျှမ်းစာတွေ ပယ်ဖျက်တာမျိုးတွေတော့ မရှိသေးပါဘူး၊ ကျမတို့ ဗဟိုကလည်း အဲ့လိုညွှန်ကြားတာမျိုးတွေ မရှိသေးပါဘူး။ ပြင်ဆင်နေတုန်းပါ” ဟု လွေးယေဦးက ပြောဆိုသည်။
TNLA အနေဖြင့် သီပေါမြို့ကို ထိန်းချုပ်နိုင်ပြီးနောက် မြို့အဝင်မုခ်ဦးအား ဒေသခံပြည်သူများ၏ သဘောထားဆန္ဒ မပါရှိဘဲ လူမျိုးစုတစ်ခုတည်းကို ကိုယ်စားပြုသော ပုံသဏ္ဍာန်ပြောင်းလဲမှုကို ကန့်ကွက်ကြောင်း သျှမ်းအရပ်ဘက်အင်အားစုများကလည်း ဖေဖော်ဝါရီ (၈) ရက်တွင် ထုတ်ပြန်ထားသည်။
“ဒီလိုလုပ်ရပ်တွေ မြင်နေရတော့ စိတ်မကောင်းဘူး၊ လက်အောက်ငယ်သားတွေလုပ်တာကို အထက်လူကြီးတွေ မသိရကောင်းလားပေါ့။ အင်အားကြီးတယ်လို့ ပြောလို့ရတဲ့ ပါတီအဖွဲ့အစည်းတွေလည်း သူတို့ကို မထောက်ပြ နိုင်ဘူးဆိုတော့လေ၊ ဒေသခံတွေကို လူရာမသွင်းတာလည်း ပါတာပေါ့။ သီပေါမြို့သမိုင်းအတွက် ဝမ်းနည်းဖို့ ကောင်းတယ်” ဟု သီပေါမြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
TNLA အနေဖြင့် သီပေါမြို့ဝင်ဆိုင်းဘုတ်အား မူလပုံသဏ္ဍာန်အတိုင်းသာထားရှိရန်နှင့် ဒေသခံပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်ကျူးလွန်နေသည်ကို လုံးဝ ရပ်တန့်ပေးရန်လည်း သျှမ်းအရပ်ဘက် အင်အားစုများက ထုတ်ပြန်ကြေညာချက်တွင် တောင်းဆိုထားသည်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA ထိန်းချုပ်ထားနိုင်သည့် နယ်မြေများတွင် ဒေသခံများ၏ သဘောဆန္ဒမပါဘဲ မြို့ရွာဆိုင်းဘုတ်များကို အရောင်ပြောင်း ဆေးခြယ်ခြင်း၊ တအာင်း (ပလောင်) ဘာသာဖြင့် အစားထိုးရေးသားခြင်းများကို သီပေါမြို့၊ မိုင်းငေါ့မြို့၊ ကွတ်ခိုင်မြို့နှင့် မိုင်းယုကျေးရွာတို့တွင် လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။