သျှမ်းပြည်၊ သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင့်ဖြင့် ဗုံးကြဲမှုကြောင့် ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၆ ရက် ညနေ ၄ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာရှိ ရေလယ်ဘုရားကျောင်းကို စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲချခဲ့တာကြောင့် ဦးဇင်းတစ်ပါးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး သံဃာတော်တစ်ပါး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
“ဗုံးစထိထားတဲ့ တစ်ယောက်က ဒဏ်ရာပြင်းထန်တယ်။ အခုက နမ့်လန်ကို ပို့ထားရတယ်။ ပြီးတော့ ၂ ယောက် သေတယ်။ ကိုးကန့်နဲ့ စစ်ကောင်စီက အဲ့နားမှာ တိုက်ပွဲတွေဖြစ်နေတယ်။ တချို့တွေကလည်း ပြေးနေကြတာ” ဟု အဆိုပါဒေသခံအမျိုးသားက ပြောသည်။
နောင်ကော်ကြီးကျေးရွာအနီးတွင် ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်၍ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ကောင်စီ၏ အမှတ် (၁၄၇) ခြေလျင်တပ်ရင်းနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဘက်သေဆုံးမှုများ ရှိနေကြောင်း သိရသည်။
အဆိုပါနောင်ကော်ကြီးကျေးရွာသည် သီပေါမြို့နှင့် နမ့်လန် ကားလမ်းပေါ်တွင် တည်ရှိပြီး လက်ရှိ၌ နောင်ကော်ကြီးကျေးရွာရှိ ဒေသခံများသည် နာကန်ကျေးရွာ၊ ပန်ညိုကျေးရွာ၊ ခုတ်နမ့်ကျေးရွာ၊ ကုန်မုံကျေးရွာနှင့် ကောင်ဟိုင်းကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။