သီပေါမြို့ကို စစ်ကောင်စီက နေ့ညမရွေး ဗုံးကြဲတိုက်ခိုက်နေပြီး ဖုန်းလိုင်းများပါ ဖြတ်တောက်ခံထားရ

By MPM 4 အောက်တိုဘာ, 2024 👁

သျှမ်းပြည်၊ သီပေါမြို့ပေါ်သို့ စစ်ကောင်စီက လေကြောင်းနှင့် နေ့ညမရွေးဗုံးကြဲ တိုက်ခိုက်နေခြင်းကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ ၁၀ ခုကျော်မှ စစ်ဘေးရှောင် ၁၅၀၀ ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာလိုအပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

စက်တင်ဘာလ နောက်ဆုံးပတ်မှစတင်ပြီး စစ်ကောင်စီက လေကြောင်းဖြင့် သီပေါမြို့ပေါ်ရပ်ကွက်များသို့ ညဦးပိုင်းနှင့် လူအိပ်မောကျချိန် သန်းခေါင်ကျော်တွင် လေယာဉ်နှင့် နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ထိုကြောင့် သီပေါမြို့ပေါ်နှင့် ကျေးရွာ ၁၀ ခု ကျော်မှ ဒေသခံပြည်သူများသည် ကွန်ကျောင်း၊ ဘော်ကြိုနှင့် နောင်ကတ်ရှိ ဘုန်းကြီးကျောင်းများသို့ ထပ်မံတိမ်းရှောင်သွားရပြီး စစ်ဘေးရှောင် ၁၅၀၀ ကျော်အတွက် စားနပ်ရိက္ခာလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

သီပေါဒေသခံ အမျိုးသားတစ်ဦးက “ပုံဖန်းမှာတော့ စစ်ရှောင်စခန်းရှိတယ်လို့ ပြောတယ်။ ၁၀ ရွာထက်မနည်း ပြန်ထွက်ပြေးရတယ်။ ကလေးလူကြီး လူ ၁၅၀၀ ကျော်လောက် ရှိမယ်။ တုံစင့်၊ ဇာတ်စု၊ ကျောင်းပြိန်းမှာ အိမ်စောင့်တောင် မကျန်ဘူး၊ အဲ့ဘက်ပဲ ဗုံးကြဲခံရတာ။ TNLA က လုံခြုံရေးလို့ပြောပြီး တုံဆင့်ဘက် ပစ္စည်း ပြန်ယူချင်ရင် တခါပဲပေးပြန်တယ်” ဟု ပြောသည်။

အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၆ နာရီခန့်တွင်လည်း သီပေါမြို့၊ တုံစင့်ရပ်အနီး စစ်ကောင်စီလက်ကျန်တပ် ခလရ-(၂၃) တပ်ရင်းဘက်တွင် လေကြောင်းနှင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရသည်ဟု သီပေါဒေသခံများက ပြောသည်။

ထို့ကြောင့် တုံစင့်၊ စံဖိတ်၊ ဇာတ်စု၊ ကျောင်းပြိန်း၊ မိုးတေ၊ ကွန်စံလိတ်၊ မန်မိုင်နှင့် ဆိုင်းခေါင် စသည့် မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများမှ ဒေသခံများသည် ဘေးလွတ်ကင်းရာ ကွန်ကျောင်း၊ ဘော်ကြို၊ နောင်ကတ်နှင့် ပုံဖမ်းရွာများဘက်သို့ ထပ်မံထွက်ပြေးနေရကြောင်း သီပေါဒေသခံများက ပြောသည်။

“လာပစ်တာတော့ တိုက်ပွဲဖြစ်တဲ့ (၂၃) တပ်ဘက်ပေါ့။ တုံစင့်ဟိုဘက်ခြမ်းနဲ့ တပ်နားလေးတွေပေါ့။ ဂျက်ဖိုက်တာနဲ့ လာပစ်တာ။ သီပေါမှာ အခု ဘာဖုန်းလိုင်းမှ မရှိတော့ဘူး။ ညဦးပိုင်းနဲ့ မနက်အစောကြီး လာကြဲတတ်တယ်။ စိတ်ပူရတာတော့ တုံစင့်၊ ကျောင်းပြိန်း အဲ့ဘက်မှာပေါ့၊ သီပေါမှာ အခုက ကိုးကန့်ကော ပလောင်ကော နှစ်ဖွဲ့လုံးရှိပြီ” ဟု သီပေါဒေသခံအမျိုးသားက ဆက်ပြောသည်။

သီပေါမြို့တွင် လက်ရှိအချိန်ထိ ဖုန်းလိုင်းဖြတ်တောက်ခံထားရခြင်းကြောင့် ဆက်သွယ်ရေးခက်ခဲပြီး ယမန်နေ့ အောက်တိုဘာလ ၂ ရက်) လေကြောင်း တိုက်ခိုက်ခံရစဉ်အတွင်း လူထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှုတို့ကို အသေးစိတ် မသိနိုင်သေးကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

အလားတူ သီပေါမြို့နယ်အတွင်းရှိ နမ့်လန်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ (၅၀၅) (၅၀၆) တပ်ရင်းများမှ လက်နက်ကြီးနှင့် တဖက်သက် စမ်းသပ်ပစ်ခတ်နေပြီး လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခြင်းကြောင့် စိုးရိမ်ထိတ်လန့်မှုရှိကြောင်း နမ့်လန်ဒေသခံများက ပြောသည်။

“မနေ့က နမ့်လန်တပ်ထဲကနေ လက်နက်ကြီးပစ်တာ သူတို့ပစ်တဲ့လက်နက် လဲထားတာလားမသိ အရင်ထက် အသံပိုကျယ်တယ်။ မနက် (၁၁) နာရီကျော်လောက် တပ်ထဲကပစ်တာ။ သေနတ်သံတော့ တချက်တချက် အဲ့လိုကြားတယ်၊ ဝေးတော့ ဘယ်နားလဲမသိဘူး” ဟု နမ့်လန်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၉) ရက်တွင် နမ့်လန်မြို့အနီး နားမခေါ်နှင့် ကောင်းဟက်ကျေးရွာအကြား စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဖြတ်သန်းသွားလာသည့် ခရီးသည်တင်ကားများ သေနတ်ပစ်ခံရပြီး ကားပေါ်ပါသည့် ခရီးသည် (၂) ဦးသေဆုံး၍ အမျိုးသမီး (၂) ဦးအပါအဝင် (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာလ ၂၈ မှ စက်တင်ဘာလ ၃၀ ရက်အထိလည်း သီပေါမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ သုံးရက်ဆက်တိုက် လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦးသေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။

TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် သီပေါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ (၅၀၃) နှင့် (၅၀၄) တပ်ရင်းနှစ်ခုကို စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း သိမ်းပိုက်ထားနိုင်ပြီး နောက်ဆုံးကျန်ရှိသည့် ခြေလျင်တပ်ရင်း ခလရ-(၂၃) ကို ဆက်လက် တိုက်ခိုက်နေသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။