သိန္နီမြို့နယ် ရွာသူကြီးများကို MNDAA က အစည်းအဝေးခေါ်ပြီး အရေးကြီးအချက် ၆ ချက် အမိန့်ပေး

By MPM 19 ဒီဇင်ဘာ, 2023 👁

သျှမ်းပြည်၊ သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အုပ်ချုပ်ရေး ယန္တရား စတင်လည်ပတ်နိုင်ရန် ကျေးရွာသူကြီးများကို အစည်းအဝေးခေါ်ယူတွေ့ဆုံပြီး အရေးကြီးအချက် ၆ ချက်ကို အမိန့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလ ၁၆ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် သိန္နီမြို့နယ်အတွင်းရှိ စယ်အူ နှင့် နမ့်စလပ်ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို ကိုးကန့်တပ်ဖွဲ့ (MNDAA)က ဆင့်ခေါ်ပြီး ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် အရေးကြီးအချက် ၆ ချက်ကို အမိန့်ပေး ညွှန်ကြားခဲ့ကြောင်း သိန္နီဒေသခံများက ပြောသည်။

အဆိုပါ အရေးကြီးအချက်များမှာ (၁) ကိုးကန့်တပ်ဖွဲ့ထံ ဆရာဝန်နှင့် ဆရာ/ဆရာမ စာရင်းပေးပို့ရန်၊ (၂) ကိုးကန့်စစ်သားများ ပြည်သူများကို အနိုင်ကျင့်လျှင် တိုင်ကြားရန်၊ (၃) ကိုးကန့်တပ်က ဦးဆောင်ပြီး ကူးသန်းရောင်းဝယ်ရေး အဆင်ပြေရန် လုပ်ဆောင်ပေးမည်။ (၄) ကိုးကန့်တပ် ထိန်းချုပ်နယ်မြေထဲ အခြားတပ်များက ဆက်ကြေးလာကောက်လျှင် လုံးဝမထည့်ရန်၊ (၅) အင်တာနက်သုံးသည့် လူစာရင်းပေးရန်နှင့် (၆) မူးယစ်ဆေးဝါး၊ ရာမဆေးပြား သုံးသည့်သူများကို ဖမ်းမိလျှင် ပြန်မလွှတ်ပေးဘဲ စစ်သားစုဆောင်းခံရမည်ဟု MNDAA က အမိန့်ပေးထားသည့် အချက်များဖြစ်သည်။

ကိုးကန့်တပ်ဖွဲ့ MNDAA က ဆင့်ခေါ်သည့် ယခုအစည်းအဝေးကို ဒီဇင်ဘာလ ၁၆ ရက်က စယ်အူ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ပြီး သိန္နီမြို့နယ်အတွင်းရှိ စယ်အူနှင့် နမ့်စလပ်ကျေးရွာအုပ်စုများမှ ရွာသူကြီးများနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တာဝန်ရှိသူများ စုစုပေါင်း ၅၀ ဦးကျော် တက်ရောက်ခဲ့သည်ဟု စုံစမ်းသိရသည်။

သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအနီးရှိ စစ်ကောင်စီ လက်အောက်ခံ ခမရ – ၅၆၇/ ၅၆၈ တပ်ရင်း ၂ ခုကို ညီနောင်မဟာမိတ်တပ်များက နိုဝင်ဘာလ ၂၄ ရက်တွင် သိမ်းပိုက်ခဲ့ပြီး သံချပ်ကာ ၁ စီး၊ ဟောင်ဝစ်ဇာ ၂ လက် နှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ညီနောင်မဟာမိတ်တပ်များက ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်သည် ကိုးကန့်တပ်ဖွဲ့ MNDAA က သတ်မှတ်ထားသည့် အထူးဒေသ (၁) တွင် ပါဝင်ပြီး ကိုးကန့်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ သိန္နီ (မူပန်) ခရိုင် နှင့် မုံးကိုးခရိုင်ဟူ၍ ဖွဲ့စည်းထားကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ပြောဆိုထားသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အုပ်ချုပ်ရေး ယန္တရား စတင်လည်ပတ်နေသည်ဟု ကြေညာထားသော ပန်ဆိုင်း(ကြူကုတ်)မြို့တွင်လည်း သန်းခေါင်စာရင်း ကောက်ယူနေပြီး အသက် ၁၅ နှစ်အထက် အမျိုးသားများတင်မကဘဲ အမျိုးသမီးများကိုပါ စစ်မှုထမ်းရန် ဒီဇင်ဘာ ၄ ရက်နေ့က လာရောက်ခေါ်ဆောင်နေကြောင်း ပန်ဆိုင်းမြို့ဒေသခံများထံမှ သိရသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က အသက်မပြည့်သေးသည့် လူငယ်များ အပါအဝင် အမျိုးသား ၂၀ နီးပါးခန့်ကို စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အချို့လူငယ်များမှာ ပြန်လည်လွတ်မြောက်လာသည်ဟု သိရပြီး ယခုတကြိမ် ခေါ်ယူသည့် အစည်းအဝေးတွင် စစ်မှုထမ်းကိစ္စကို ပြောဆိုခဲ့ခြင်းရှိမရှိကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပါ။

“၁၀၂၇ စစ်ဆင်ရေး” စတင်သည့် အောက်တိုဘာလ နောက်ဆုံးပတ်မှစ၍ သိန္နီမြို့နယ်ကို စစ်ကောင်စီက အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး လက်ရှိတွင် သိန္နီမြို့နယ်အတွင်း ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာလျက်ရှိကာ သိန္နီမြို့နယ်ဒေသခံ ထက်ဝက်ကျော်ခန့်မှာ တိုက်ပွဲကြောင့် အခြားဒေသများသို့ စစ်ဘေးရှောင်နေရပြီး နေရပ်မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။