သျှမ်းပြည်၊ သိန္နီမြို့အနီးသို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရသည်။
အောက်တိုဘာ ၁၀ ရက်နေ့ နံနက်စောပိုင်း ၂ နာရီခွဲကျော်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့မှ ကွမ်းလုံ – ဟိုပန်သွားသည့် လမ်းမကြီးပေါ်ရှိ မန်ချက်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ဒီမနက် လေယာဉ်နဲ့ ဗုံး ၃ လုံး လာကြဲသွားတယ်။ ကွမ်းလုံ ဟိုပန်ဘက်သွားတဲ့ မန်ချက်ရွာမှာ ကြဲသွားတာ။ လူတစ်ယောက်တော့ ထိထားတယ်၊ အိမ် (၁) လုံးလည်း မီးလောင်တယ် တခြားအိမ်တော့ မသိသေးဘူး။ ရွှေသိန္နီကားဂိတ်နား ကြဲပြီးတော့ လေယာဉ်မလာတာ ၂ လကျော်ပြီ” ဟု သိန္နီဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် သိန္နီမြို့နယ် ပန်လော့ကျေးရွာအုပ်စု မန်ချက်ရွာကို စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်ပြီး လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့ဘုတ်ခ်စာမျက်နှာတွင် လူသေဆုံးမှုမရှိသော်လည်း ဒဏ်ရာရပြည်သူ ၅ ဦး ရှိပြီး လက်ရှိတွင် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရကြောင်း ထုတ်ပြန်ထားသည်။
လတ်တလောတွင် ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားသည့်မြို့များသို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ သိန္နီမြို့တွင် ၃ လနီးပါးအကြာ ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
သိန္နီမြို့ကို “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA က ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များကို မူလ ၄ ရပ်ကွက်မှ ၆ ရပ်ကွက်အဖြစ် ပြောင်းလဲသတ်မှတ်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်လျက်ရှိသည်။
ယခုအခါ ကိုးကန့်တပ်ဖွဲ့ MNDAA က ခန့်အပ်သည့် အုပ်ချုပ်ရေးမှူးများ နေထိုင်သည့်နေရာများသို့ စစ်ကောင်စီတပ်ဘက်မှ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။
“မြို့ပေါ်မှာ အစက ၄ ရပ်ကွက်ရှိတာ၊ အဲ့တာကို ကိုးကန့်တပ်က (၆) ရပ်ကွက် လုပ်လိုက်တယ်။ မန်ချက်မှာလည်း အရင်က ပြိန်းဆာ၊ ဟိုတာ့၊ ကျောင်းခမ်းဘက်ကိုင်တဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ရှိတော့ အဲ့နေရာကို ဗုံးကြဲချင်တာလားမသိဘူး။ အခုလာကြဲတာ ပစ်မှတ်လွဲပြီး ဘေးအိမ်ကိုကျတယ်” ဟု သိန္နီမြို့နယ်မှ စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း သိန္နီမြို့ပေါ် လူစည်ကားသည့်ဈေးနှင့် စာသင်ကျောင်းကဲ့သို့ အများပြည်သူနေရာများကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် (၃) ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တစ်လအတွင်း အရပ်သား ၁၃ ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ဩဂုတ်လ (၆) ရက်တွင် ထုတ်ပြန်ခဲ့သည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။