ဧရာ၀တီတိုင်း၊ သာပေါင်းမြို့မှ ၂၅ မိုင်ခန့်အကွာ သာပေါင်းလေး၊ ကင်းပွန်းချဉ်နှင့် ကျားခေါင်းတို့တွင် အာရက္ခတပ်တော် (AA) ဦးဆောင်သည့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား မတ်လ ၁၂ ရက်နေ့ ညနေကစတင်ပြီး တိုက်ပွဲဖြစ်ပွားနေသည်ဟု စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
ယခုတိုက်ပွဲဖြစ်ပွားနေသည့် နေရာများသည် ရခိုင်ရိုးမ ဆင်ခြေလျောနေရာများဖြစ်ပြီး မကျည်းဇင်၊ ဘောမိတို့နှင့် နီးသည်ဟု ၎င်းတို့က ပြောဆိုသည်။
နှစ်ဖက်တိုက်ပွဲသည် ပိုမိုကျယ်ပြန့်လာနေပြီး မတ်လ ၁၃ ရက်နေ့လယ်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသအတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“အခုတိုက်ပွဲဖြစ်တဲ့နေရာတွေက ဘောမိနဲ့ သာပေါင်းမြို့အကြား နေရာတွေမှာ ဖြစ်နေကြတာ။ သာပေါင်းကဆိုရင် ၂၅ မိုင်လောက်ဝေးတဲ့ သာပေါင်းလေး၊ ကင်းပွန်းချဉ်နဲ့ ကျားခေါင်းတို့ ဖြစ်နေကြတာ။ ဒီလ ၁၂ ရက် ညနေ ၃ နာရီကနေ စဖြစ်နေတာ။ ၁၃ ရက်နေ့လယ်မှာတော့ ကျားကိုက်၊ သဲဖြူဘက်ထိ ကျယ်ပြန့်လာတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီက ဗုံးကြဲလေယာဉ်များ၊ ရဟတ်ယာဉ်များကို အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်တို့က ပြောဆိုသည်။
တိုက်ပွဲအတွင်းက လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများကို ဆက်တိုက်ကြားနေရပြီး တိုက်ပွဲမှာ ပြင်းထန်နေသည်ဟု သာပေါင်းဒေသခံတစ်ဦးက ပြောဆိုသည်။
“၁၃ (မတ်လ) ရက်နေ့မှာ သေနတ်သံတွေ၊ ရပ်လိုက်၊ ပြန်ပစ်လိုက်၊ လက်နက်ကြီးထုလိုက် ဒီလိုမျိုး ကြားနေရတယ်။ ဒေသခံတွေက အရင်တိုက်ပွဲကလည်းက ထွက်ပြေးသွားကြပြီဆိုတော့ တိုက်ပွဲအသေးစိတ်ကို မသိနိုင်ဘူး” ဟု ၎င်းက ပြောသည်။
သာပေါင်းမြို့နယ်ရှိ စစ်ကောင်စီတပ် ခမရ ၃၀၈ တပ်ရင်း၏ ကာကင်းစခန်းတစ်ခုကို မတ်လ ၃ ရက်နေ့က AA နှင့် မဟာမိတ်ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဆက်လက်၍ ခမရ ၃၀၈ တပ်ရင်းအား သိမ်းပိုက်နိုင်ရန် တိုက်ခိုက်နေကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က သာပေါင်းမြို့နယ်၊ သဲဖြူအရှေ့ရွာအနီးရှိ ကင်းပွန်းချဉ်တောင်အနီးကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား AA နှင့် မဟာမိတ် ပူးပေါင်းတပ်တို့ တိုက်ခိုက်ခဲ့ရာမှစတင်ကာ တိုက်ပွဲများ ပြန်လည်စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိရဉ္စရာ ပေးပို့သည်။