ဝေါမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူ (၃၀) ကျော်အထိ ရှိလာ

By MPM 2 မေ, 2023 👁

ပဲခူးတိုင်း ဝေါမြို့နယ်ရှိ ညောင်ခါးရှည်နယ်မြေရဲစခန်းအား ဧပြီလ (၂၇) ရက်နေ့က ကာကွယ်ရေးတပ်ဖွဲ့များ သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် ဒေသခံ (၂၀) ဦး ဖမ်းဆီးခံလိုက်ရပြီး လက်ရှိအချိန်ထိ ထပ်မံဖမ်းဆီးခံရသူ စုစုပေါင်း (၃၀) ဦးကျော် ရှိနေပြီဖြစ်ကြောင်း ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။

ညောင်ခါးရှည်နယ်မြေရဲစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးအား ဝေါ-ပကဖ နှင့် ပဲခူးခရိုင်တပ်ရင်း (၃၇၀၁) တို့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ (၂၈) ရက်နေ့ကတည်းက ကျေးရွာအုပ်ချုပ်ရေးမှူး၏သတင်းပေးမှုကြောင့် Non CDM တစ်ဦးအပါအဝင် ဒေသခံ (၂၀) ဦး ဖမ်းဆီးခံထားရသလို ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊ NLD ပါတီနှင့်သက်ဆိုင်သော ဒေသခံများကိုလည်း ရဲစခန်းတိုက်ခိုက်မှုနှင့် မသက်ဆိုင်ပဲ ဖမ်းဆီးထားကြောင်း ဝေါ-ပကဖ တာဝန်ရှိသူနှင့်ဒေသခံများက ပြောသည်။

ဝေါမြို့ခံတစ်ဦးက “ဖမ်းခံရတာ အယောက် (၃၀) ကျော်ရှိသွားပြီ။ အရင်ရက်ကဖမ်းတဲ့လူတွေလည်း ပြန်မလွတ်သေးဘူး။ စစ်တပ်က ရွာတွေမှာ ဝင်ပြီး လမ်းမှာတွေ့တဲ့လူတွေကို ဖမ်း ကြိုးတွေနဲ့တုပ်ပြီးတော့လည်း ရိုက်စစ်တာရှိတယ်။ ပုဂံရွာက လူငယ်တစ်ယောက်ကိုလည်း မနေ့ကညနေက ဖမ်းပြီးကြိုးနဲ့တုပ်ရိုက်တာ ခေါင်းကွဲသွားတယ်။ နောက်ထပ်အဖမ်းခံရတဲ့သူတွေကိုလည်း စစ်ကြောရေးပို့လိုက်ပြီ။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ထိုသို့စစ်ကောင်စီ၏ ဖမ်းဆီးခံရသူများမှာ ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာ၊ ဖိုးစပါယ်ကျေးရွာ၊ ဝင်းကဒတ်ကျေးရွာနှင့် ချောင်းကျိုးကျေးရွာများမှ ဒေသခံများဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ သတင်းပေးများ၏သတင်းပေးမှုကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဝေါ-ပကဖ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဝေါ-ပကဖ က စစ်ကောင်စီသည် ဝေါမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျုစောထီးများအား လက်နက်တပ်ဆင်ပေးထား၍ ထိုလက်နက်များအားပြန်အပ်ပြီး‌ မတ်လ (၃၁) ရက်နေ့မှ တစ်ပတ်အတွင်း ဝေါမြို့နယ်မှ ထွက်ခွာပေးကြရန် ပြီးခဲ့သည့်မတ်လ(၂၄)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သလို ယခု ဧပြီလ နောက်ဆုံးအပတ်တွင်လည်း စစ်ကောင်စီသို့သတင်းပေးနေသော စစ်ကောင်စီလက်အောက်ခံများအား ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် သတိပေးခြင်းများ ပြုလုပ်ခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၆) ရက်နေ့ကလည်း ဝေါမြို့နယ် ပုရားပျိုကျေးရွာအထွက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံပျူစောထီးများ ပူးပေါင်းလုံခြုံရေးယူထားသော စစ်ဆေးရေးဂိတ်ကို ဝေါ-ပကဖ က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ (၂) ဦးသေဆုံးပြီး (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

နန့်ဆန်းထီ(KIC) – ပေးပို့သည်။