ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်ဟီးစစ်ရှောင်စခန်းက မူကြိုကျောင်း လေပြင်းတိုက်လို့ပျက်စီးသွားတဲ့အတွက် ပြန်လည်ပြုပြင်ဖို့ အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ ဝိုင်းမော်မြို့နယ်ထဲ လေပြင်းကျရောက်ခဲ့တာကြောင့် အင်ဂန်းကျေးရွာမှာ စစ်ဘေးရှောင်နေကြတဲ့ နောင်ဟီးစစ်ရှောင်စခန်းက မူကြိုကျောင်းဆောင် ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
“အခက်အခဲကတော့ ငွေကြေးပေါ့ ဝါးဝယ်ရမှာဖြစ်တဲ့အတွက် လုပ်အားကတော့ အကုန်လုံးဝိုင်းဝန်းကူညီ လုပ်ကိုင်နေကြတော့ ဝါးအကူအညီဘဲ လိုအပ်နေတာ” လို့ စစ်ရှောင်တာဝန်ခံ ပြောပါတယ်။
လက်ရှိ အင်ဂန်းကျေးရွာဘက် ဝါးတစ်လုံး ကျပ် (၇၀၀၀) ကနေ (၉၀၀၀) ဝန်းကျင်ရှိနေပြီး ကျောင်းဆောင်ပြန်လည်ဆောက်လုပ်ဖို့ ဝါးအလုံး ၂၀၀ ဝန်းကျင် လိုအပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီမူကြိုကျောင်းမှာ မူကြိုတက်တဲ့ကျောင်းသား/သူ စုစုပေါင်း ၅၀ ဝန်းကျင်ရှိပေမယ့် ခုလို ကျောင်းပိတ်တဲ့ရာသီမှာ နွေဥတုသင်တန်းအဖြစ် စစ်ရှောင်ကလေးတွေကို အဲဒီနေရာမှာဘဲ ကျမ်းစာ၊ ကချင်စာ၊ အင်္ဂလိပ်စာ၊ လော်ဝေါ်စာ၊ လချိဒ်လ်စာတွေ ပြန်လည်သင်ကြားပေးတာဖြစ်တယ်လို့သိရပြီး တက်ရောက်သင်ကြားသူ ကလေးသူငယ် ၈၀ ဝန်းကျင်ခန့်ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လတ်တလော ကျောင်းဆောင်ပြိုသွားပြီဖြစ်တဲ့အတွက် ကလေးတွေကို ဟောခန်းနဲ့ သစ်ပင်အောက်လို အရိပ်ရတဲ့နေရာတွေမှာ နေရာပြောင်းရွှေ့သင်ကြားနေရပြီး မိုးရွာ၊ နေပူချိန်တွေမှာ အဖက်ဖက်ကနေ ခက်ခဲနေတယ်လို့ သိရပါတယ်။
နောင်ဟီးကျေးရွာက စစ်ရှောင်ပြည်သူတွေဟာ အိမ်ခြေ ၂၀၀ ဝန်းကျင်ခန့်ရှိတယ်လို့သိရပြီး လက်ရှိ ဝိုင်းမော်မြို့နယ် အင်ဂန်း (Ngang) ကျေးရွာမှာ သွားရောက်ခိုလှုံနေတာဖြစ်ပါတယ်။
လက်ရှိ နောင်ချိန်း၊ လဘန်ကျေးရွာတွေမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ ၂၀၂၄ မတ်လမှာ KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြောင့်တိမ်းရှောင်ခဲ့ရတာ တစ်နှစ်ကျော်ကြာ ကြာမြင့်လာပြီ ဖြစ်ပါတယ်။
ဒါ့အပြင် တိမ်းရှောင်နေထိုင်နေကြတဲ့သူတွေထဲမှာ အောင်မြေ (၁)၊ အောင်မြေ (၂)၊ တာလောကြီး၊ နောင်ဟီး၊ စန်းကား၊ ဝူယန်၊ ခကွမ်၊ ဝါရှောင် စတဲ့ကျေးရွာက ပြည်သူတွေပါဝင်ပြီး ခန့်မှန်းချေစစ်ရှောင်စခန်းပေါင်း ၂၀ ကျော်ရှိတယ်လို့ စစ်ရှောင်တာဝန်ခံတွေက ဆိုပါတယ်။
ကချင်ဒေသတွင်း မတ်လ (၁၄)၊ (၁၅) ရက်တွေမှာ လေပြင်းတိုက်တာ၊ မီုးသီးကြွေခဲ့တာကြောင့် စစ်ရှောင်စခန်းတစ်ချို့ ထိခိုက်ပျက်စီးတာ၊ စိုက်ပျိုးသီးနှံတွေပျက်စီးတာတွေ ကြုံတွေ့နေကြရတာလည် ဖြစ်ပါတယ်။
KNG