ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဝူယန်၊ မုတ်ကျိတ်၊ နန့်ဝါစသည့် ကျေးရွာ အနီးတဝိုက်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်ပျက်စီးမှုများရှိသည်ဟု ဝိုင်းမော်ဒေသခံတို့က ပြောဆိုသည်။
နိုဝင်ဘာ ၂၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က Y – 12 လေယာဉ်အမျိုးအစားနှင့် နန့်ဝါကျေးရွာကို လေယာဉ်နှင့် ဗုံး ၇ ကြိမ်ခန့် လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံအရပ်သားတစ်ဦးထိခိုက်ပြီး နေအိမ် ၃ လုံး ထိခိုက်ပျက်စီးသွားသည်ဟု ဝိုင်းမော်ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါဒေသခံက “မနေ့ညနေ နန့်ဝါကျေးရွာမှာ လေယာဉ်ဗုံးလာကြဲတာ ၇ ကြိမ်လောက် ရှိတယ်။ နေအိမ် ၃ လုံး ပျက်စီးသွားတယ်။ ပြည်သူတစ်ဦးက ဗုံးစထိလို့ ထိခိုက်ဒဏ်ရာရသွားတယ်။ အရမ်းကြီး စိုးရိမ်စရာတော့မရှိဘူး။ ပြီးရင် ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ လက်နက်ကြီးတွေ ပစ်ကူတယ်” ဟု ပြောသည်။
ဝိုင်းမော်မြို့နယ်ထဲတွင် တိုက်ပွဲငြိမ်သက်သွားသည်မှာ ၈ လခန့် ကြာမြင့်သွားပြီဖြစ်ပေမယ့် စစ်ကောင်စီတပ်က အခုလို အရပ်သားပြည်သူများရှိရာ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ထိုနေ့ တစ်ရက်ထဲမှာပင် လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ည ၁၀ နာရီအချိန်ခန့်တွင်လည်း ဝိုင်းမော် မြို့စောင့်တပ်ဖြစ်သည့် ခလရ ၅၈ တပ်ရင်းကနေ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။
ဝိုင်းမော်မြို့နယ်တွင် ထိုသို့ပစ်ခတ်မှု ဖြစ်ပွားသည့်အသံများကို မြစ်ကြီးနားမြို့အထိပါ လက်နက်ကြီးသံများ ဆက်တိုက် ကြားရကြောင်း မြစ်ကြီးနားဒေသခံတစ်ဦးက ယခုလိုပြောသည်။
“မနေ့ည ဝိုင်းမော်ဘက်မှာ လက်နက်ကြီးသံတွေ ပြန်ကြားနေရတယ်။ အသံကတော့ ဝိုင်းမော်ဘက်ခြမ်းပဲ ဒီမှာက ဖုန်းလိုင်းတွေလည်း မရတော့ ဘယ်ဘက်မှာ ဘာဖြစ်နေလဲတော့မသိရဘူး” ဟု အဆိုပါ မြစ်ကြီးနားဒေသခံ ပြောသည်။
လက်ရှိ၌ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်နေသည့် ဝိုင်းမော်မြို့နယ်ထဲက ဝူယန်၊ မုတ်ကျိတ်၊ နန့်ဝါ စသည့် ကျေးရွာများတွင် ပြီးခဲ့သည့် ဧပြီလကတည်းက တိုက်ပွဲများ ပြင်းထန်ခဲ့တာကြောင့် ဒေသခံပြည်သူအများစုက နီးစပ်ရာ စစ်ရှောင်စခန်းများတွင် တိမ်းရှောင်နေကြသလို ဒေသခံတချို့က စားဝတ်နေရေးအခက်အခဲကြောင့် ကျေးရွာထဲကို ပြန်လာနေထိုင်ကြသော ဒေသခံများလည်း ရှိနေသည်။
ဝိုင်းမော်မြို့နယ်ထဲက ဝိုင်းမော် – ဆဒုံးလမ်းမကြီး ကားလမ်းမကြီးတကြောရှိ ဝူယန်၊ မုတ်ကျိတ်၊ နန့်ဝါ စသည့် အထက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က နေရာယူထားပြီး ဝူယန်ကျေးရွာကနေ ဝိုင်းမော် မြို့ပေါ်အထိ၌ စစ်ကောင်စီတပ်က နေရာယူထားကြောင်း သိရှိရသည်။
KNG ပေးပို့သည်။