လွိုင်ကော်အကျဉ်းထောင်က အကျဉ်းသားတွေ ကြိုတင်မဲပေးရန် အတင်းအကြပ် စေခိုင်းခြင်းခံရ

By MPM 28 နိုဝင်ဘာ, 2025 👁

ကရင်နီပြည်၊ လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အကျဉ်းသူ/အကျဉ်းသားတွေဟာ ပြီးခဲ့ စက်တင်ဘာလတုန်းက ကြိုတင်မဲပေးဖို့ အတင်းအကြပ် စေခိုင်းခြင်းခံရတယ်လို့ နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က နိုင်ငံရေးကို ရွေ့ကစားနိုင်ဖို့အတွက် အကျဉ်းသားတွေဟာ အသုံးချခံဖြစ်သွားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ အကျဉ်းထောင်ထဲမှာက အခု စစ်ကော်မရှင်ရဲ့ လက်အောက်မှာ လူ့အခွင့်အရေးဆိုတာ မရှိဘူး။ အကျဉ်းသား အခွင့်အရေးဆိုတာလည်း မရှိတော့ဘူးလေနော်။ ရှင်းရှင်းပြောရရင် ဒီလို သတင်းမီဒီယာတွေမှာ ဖော်ပြခြင်းမရှိပဲ တိုတိုဝှက်ဝှက် လုပ်ထားတဲ့ ဒီအကျဉ်းထောင်အတွင်း အကျဉ်းသားတွေ မဲပေးခိုင်းတယ်ဆိုတဲ့အဓိပ္ပါယ်က ဘာလဲဆိုရင် သူတို့နိုင်ငံရေး ရွေ့ကစားဖို့အတွက် အသုံးချဖို့အတွက်ပဲဖြစ်တယ်” လို့ KPPA ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုလို အကျဉ်းသားတွေကို အတင်းအကြပ် မဲပေးစေခိုင်းခြင်းဟာ ရွေးကောက်ပွဲဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းဖြစ်တယ်လို့လည်း နိုဝင်ဘာလ ၂၅ ရက်နေ့ KPPA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်က လွိုင်ကော်အကျဉ်းထောင်မှာတော့ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား စုစုပေါင်း (၇၀၀) ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

ကန္တာရဝတီတိုင်း(မ်)