ကရင်နီပြည် ၊ လွိုင်ကော်မြို့နယ်အနောက်ဘက်ခြမ်းရှိ နိုးကိုးကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသော Jobs For Kayah အသင်းထံက သိရသည်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နိုဝင်ဘာ ၈ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့တာကြောင့် နိုးကိုးစံပြကျေးရွာသား ၃ ဦးနှင့် သရက်ပင်ကျေးရွာသား ၁ ဦး စုစုပေါင်း ၄ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။
သေဆုံးတဲ့သူများတွင် အသက် ၁၀ နှစ်အရွယ်ဝန်းကျင် မိန်းကလေးငယ် ၁ ဦး အပါအဝင်၊ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၃၀ နှစ် ဝန်းကျင် အမျိုးသား ၂ ဦးတို့ ဖြစ်ကြောင်း Jobs For Kayah အသင်းက ပြောဆိုသည်။
Jobs For Kayah အဖွဲ့ဝင်တစ်ဦးက “တမင်သက်သက်ပစ်တာ ဒီကောင် (စစ်ကောင်စီ) တွေက သူတို့ စစ်ကြောင်းတွေက မိုးဗြဲဘက်ရောက်နေပြီ။ သူတို့စစ်ကြောင်းတွေ ထွက်လာဖို့ ရှိတယ်ပေါ့နော် ။ ထွက်လာမယ် ဆိုတာက လွိုင်ကော်ဘက်ပေါ့နော် လွိုင်ကော်လမ်းမကြီး၊ မိုးဗြဲလမ်းမကြီးကနေ ထွက်လာဖို့ရှိတယ် သူတို့ပြင်နေ တာပေါ့နော်။ အဲ့ဒီအတွက် သူတို့လမ်းမနံဘေးတွေ အနီးနားကျေးရွာတွေကို တမင်သက်သက်ပစ်တာ ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့ ရှင်းလင်းရေးလုပ်တာပေါ့။ လက်နက်ကြီးပစ်ပြီးတော့ သူတို့ မြေပြင်ကနေ ရှင်းလင်းရေး မလုပ်နိုင်တဲ့ နေရာတွေကို လက်နက်ကြီးနဲ့လှမ်းပစ်တယ်” ဟု ပြောသည်။
စစ်ကောင်စီ လက်နက်ကြီးနှင့် ပစ်ခတ်လိုက်သည့် ကျေးရွာများတွင် ဒေသခံတချို့နှင့် စစ်ဘေးရှောင်အများစုသာ နေထိုင်ကြတာကြောင့် ထိခိုက်သေဆုံးခဲ့သည့် ပြည်သူများမှာလည်း စစ်ဘေးရှောင်များဖြစ်ကြကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၈ ရက်နေ့ တစ်ရက်တည်းမှာပင် ကရင်နီပြည်နှင့်နီးစပ်သည့် ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းရှိ ကလာကျေးရွာကို စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသား ၁ ဦးနှင့် အသက် ၄၀ ဝန်းကျင် အမျိုးသမီး ၁ ဦး ထိမှန်သေဆုံးခဲ့ပြီး နေအိမ်ပျက်စီးမှုများလည်း ရှိခဲ့သည်။
တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ အရပ်သားမျာသာရှိသည့် ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးအတွက် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့် ပစ်ခတ်နေတာကြောင့် ပြည်သူများအနေနှင့် သွားလာနေထိုင်ရာတွေ အထူးဂရုစိုက်ကြရန် လက်နက်ကြီးနှင့် လေယာဉ်ရန် ကြိုတင်ကာကွယ်မှု ပြုလုပ်ထားကြရန်လည်း စစ်ရှောင်ကူညီရေးအဖွဲ့အစည်းများနှင့် ဒေသတော်လှန်ရေးတပ်ဖွဲ့တို့က သတိပေးတိုက်တွန်းထားသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။