လွိုင်ကော်တွင် ပြန်လည်နေထိုင်ရန် မသင့်သေးကြောင်း ကရင်နီတော်လှန်ရေးအင်အားစုများပြောဆို

By MPM 21 မေ, 2024 👁

ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့တွင် စစ်ရှောင်များ ပြန်လည်နေထိုင်ကြရန် ပြောဆိုနေမှုများက လက်တွေ့မကြဘဲ စစ်ကောင်စီတပ်၏ ဝါဒဖြန့်မှုသာဖြစ်သည်ဟု ကရင်နီတော်လှန်ရေး အင်အားစုများက ပြောသည်။

လွိုင်ကော်မြို့တွင် စစ်ရေးအခြေအနေများ တင်းမာနေဆဲဖြစ်ပြီး၊ လုံခြုံမှု လုံးဝ မရှိသေးသည့်အတွက် ပြန်လည်နေထိုင်ရန်ဆိုသည့်မှာ မသင့်သေးကြောင်း ကရင်နီတော်လှန်ရေးအင်အားစုများက ပြောဆိုပါသည်။

လက်ရှိ၌ လွိုင်ကော်မြို့တွင် လျှပ်စစ်မီးနှင့် ရေ ပုံမှန်ပြန်လည်ရရှိရေး လုပ်ဆောင်ပေးနေပြီဟု စစ်ကောင်စီထောက်ခံသော တယ်လီဂရမ်ချယ်နယ်အချို့တွင် ဖော်ပြထားကြသည်။ ထိုသတင်းအချက်အလက်များသည် မေလပထမပတ်မှ စတင်၍ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

လွိုင်ကော်မြို့ပေါ်က ရပ်ကွက်အချို့ဖြစ်သည့် မင်းစု၊ ဒေါနိုးကူး၊ ရှမ်းပိုင်း၊ ဒေါတမ၊ ကြည်သာယာ၊ နမ့်ဘော်ဝမ်၊ ဧက ၅၀၀၊ ရေနီကန်ရပ်ကွက်တို့တွင် လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဟုလည်း ပြောဆိုမှုများလည်း ရှိလာသည်။

ထိုသို့ ဝါဒဖြန့်မှုနှင့်အတူ စစ်ကောင်စီက ကရင်နီပြည်၏မြို့တော် လွိုင်ကော်မြို့တွင်းက ၎င်းတို့ ထိန်းချုပ်ထားသည့် နေရာများတွင် ပြန်လည်ထူထောင်ရေး ခေါင်းစဉ်သုံးပြီး အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်နိုင်ရန်အတွက် နည်းမျိုးစုံသုံးကာ ကြိုးစားနေကြောင်း သိရသည်။

လွိုင်ကော်မြို့၏ မြေပြင်လက်ရှိအခြေအနေနှင့် ပတ်သက်၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ စောတာအယ်စိုးက ယခုကဲ့သို့ ပြောဆိုသည်။

“နှစ်ဖက်တိုက်ပွဲတွေတော့ ရံဖန်ရံခါ ရှိတယ်ပေါ့နော်။ တိုက်ပွဲ ကြီးကြီးမားမားတော့ မရှိသေးဘူး။ ဒါပေမယ့် စစ်ကောင်စီဘက်က လှုပ်ရှားနေတာမျိုးတော့ ရှိတယ်။ လွိုင်ကော်မြို့ထဲကိုတော့ ဝင်လို့မသင့်သေးတဲ့ အခြေအနေမျိုးမှာ ဖြစ်ပါတယ်။ လုံခြုံရေး အခြေအနေကြောင့် ဖြစ်ပါတယ်။ စစ်မြေပြင်ဖြစ်နေတဲ့အတွက် လွိုင်ကော်မြို့ထဲကို ပြန်ရောက်နေထိုင်တာတွေ ပစ္စည်းပြန်ဝင်ယူတာတွေက အန္တရာယ်များတဲ့ လုပ်ရပ်ပဲဖြစ်တယ် ပေါ့နော်။ အဲဒါကြောင့် ဝင်ရောက်ဖို့ မသင့်သေးဘူးလို့ပဲ ပြောချင်ပါတယ်။”

လွိုင်ကော်မြို့ အနေအထားက ယနေ့အချိန်ထိ တိုက်ပွဲများ ဆက်လက်ရှိနေပြီး စစ်ဇုန်ဖြစ်နေသေးသည့်အတွက် ပြည်သူများအနေဖြင့် ပြန်ဝင်နေခြင်းမျိုး၊ ပစ္စည်းများ ပြန်သယ်ခြင်းမျိုး လုံးဝမလုပ်သင့်သေးဟု ဆိုသည်။

စစ်ကောင်စီတပ်ဘက်က စစ်ရှောင်ပြည်သူလူထုအား မြို့ထဲတွင် ပြန်လည်နေထိုင်ကြရန် ပြောဆိုနေခြင်းမှာ ဝါဒဖြန့်မှု တစ်ခုသာဖြစ်ပြီး စစ်ပွဲများထဲ လူသားဒိုင်းကာအဖြစ် အသုံးပြုရန်လုပ်နေသော စစ်ကောင်စီ၏ ဗျူဟာတစ်ခုသာဖြစ်သည်ဟု စောတာအယ်စိုးက ဆက်ပြောသည်။

“လွိုင်ကော်မြို့က စစ်မြေပြင် ဖြစ်နေပါတယ်။ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ဆိုတာက မဖြစ်နိုင်ဘူးပေါ့။ စစ်ကောင်စီဘက်က သက်သက်ဝါဒဖြန့်ချီနေခြင်း ဖြစ်ပါတယ်။ လွိုင်ကော်မြို့ကို ပြန်လာအောင် ပြည်သူတွေကို လူသားဒိုင်းအဖြစ် ပြုလုပ်ပြီးတော့မှ တော်လှန်ရေးတပ်ဖွဲ့တွေကို ချေမှုန်းမယ့် သူတို့ရဲ့ဗျူဟာပဲပေါ့နော်။ ဆိုတော့ သူတို့ရဲ့ဝါဒဖြန့်မှု သက်သက်ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

လွိုင်ကော်မြို့တွင်း၌ လတ်တလော စစ်ရေးလှုပ်ရှားမှုများ ရှိနေသည့်အပြင် နေရာအချို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်းများပါ လုပ်ဆောင်နေသည်ဟု စောတာအယ်စိုးက ပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်မှုကြောင့် ပြီးခဲ့သည့် မေလ ၅ ရက်နေ့က ညောင်ရွှေရှိ လွိုင်ကော်စစ်ဘေးရှောင် အိမ်ထောင်စု ၅ စု သည် နေရပ်ကိုပြန်လာကြရာ တော်လှန်ရေးတပ်ဖွဲ့များက ၎င်းတို့၏ဂိတ်တွင် လုံခြုံမှု မရှိသေးကြောင်းနှင့် မြို့ထဲကို မဝင်ကြသေးရန် စာကပ်ထားသည့်အတွက် လှည့်ပြန်ခဲ့ရသည်ဟု စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းအထိ စစ်ရှောင်သွားကြရသည့် ကရင်နီစစ်ရှောင်များက ၎င်းတို့ ရောက်နေသည့်နေရာ များ၌ နေရာထိုင်ခင်း အဆင်မပြေမှု၊ စားဝတ်နေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုများကြောင့် နေရပ်ရင်းကို ပြန်ရန်ကြိုးစားနေကြသည်။

ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များက “တစ်လေးလုံးစစ်ဆင်ရေး” စတင်ပြီးနောက် ကရင်နီပြည်၏ နယ်မြေ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သော်လည်း လွိုင်ကော်မြို့ကိုမူ သိမ်းယူနိုင်ခြင်း မရှိသေးပေ။

NMG ပေးပို့သည်။