ပြည်တွင်းပြည်ပရှိ သတင်းမီဒီယာများအပါအဝင် တစ်သီးပုဂ္ဂလသတင်းမီဒီယာများ၊ တိုင်းရင်းသားမီဒီယာများ နှင့် ဒေသအခြေပြုမီဒီယာများ ပါဝင်သည့် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ-IPCM ကို ဒီမိုကရေစီ နည်းလမ်းကျကျဖြင့် တရားဝင်အတည်ပြု ဖွဲ့စည်းလိုက်ကြောင်း ဒီဇင်ဘာ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ အထိ ထိုင်းနိုင်ငံတစ်နေရာတွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ်ကောင်စီညီလာခံအပြီးတွင် ထုတ်ပြန် ကြေညာသည်။
မြန်မာသတင်းမီဒီယာများ၏ လွတ်လပ်ခွင့် မြှင့်တင်ရန်၊ သတင်းသမားများ လုံခြုံရေးနှင့်အကာအကွယ် ရရှိရန်၊ ဒေသတွင်းနှင့် နိုင်ငံတကာ သတင်းမီဒီယာကောင်စီများနှင့် တရားဝင် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အစရှိသည် တို့ကို ရည်ရွယ်၍ IPCM ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုပြုလုပ်သည့်ညီလာခံမှ ကောင်စီ၏ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) အတည်ပြုရေးဆွဲခြင်း၊ ကော်မတီဝင်များ ရွေးကောက်တင်မြှောက်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးအတည်ပြုခြင်းတို့ကို လုပ်ဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
IPCM ဥက္ကဋ္ဌ ဖြစ်သလို ကရင်သတင်းဌာနကေအိုင်စီ (KIC)၏ အယ်ဒီတာချုပ် နန်းဖော့ဂေက “ဒီကာလမှာ စစ်တပ်လက်အောက်ခံ မီဒီယာတွေက မြန်မာနိုင်ငံရဲ့သတင်းမီဒီယာကို ကိုယ်စားပြုပြီး နိုင်ငံတကာမီဒီယာ အစည်းအဝေးတွေမှာတက်ရောက်တာ ပြီးရင် မြန်မာနိုင်ငံက အခြားမီဒီယာတွေရဲ့သတင်းတွေဟာ သတင်းတု သတင်းမှားတွေပါဆိုပြီး ပြောဆိုနေခြင်းက ပြည်သူရဲ့အခွင့်အရေးကိုဖော်ပြတဲ့ မီဒီယာတွေအတွက် စိန်ခေါ်မှု ဖြစ်တယ်ဆိုတာပေါ်မှာ အခြေခံပြီး ကိုယ့်တိုင်းပြည်အတွက် IPCM ဟာ ရှိသင့်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတာပါ” ဟု ဆိုသည်။
IPCM ၏ ရှေ့ဆက်လုပ်ငန်းစဉ်များအဖြစ် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသည့် သတင်းသမားများ ပြန်လည်လွတ်မြောက်ရေးအတွက် နည်းလမ်းရှာလုပ်ဆောင်ခြင်းအပြင် သတင်းမီဒီယာ ကျင့်ဝတ်များ ထိန်းညှိ ဆောင်ရွက်ခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ NUG ကဲ့သို့ အစုအဖွဲ့များနှင့် ချိတ်ဆက်၍လည်း သတင်းအချက်အလက် ရယူခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်များအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း IPCM ထံမှ သိရသည်။
ဆက်လက်၍ IPCM ဥက္ကဋ္ဌ နန်းဖော့ဂေက “အခုမှ စဖွဲ့စည်းတဲ့အခါကျတော့ ချက်ချင်းကြီးလုပ်ဆောင်သွားနိုင်ဖို့က အချိန်ယူပြီး ဆက်လက်လုပ်ဆောင်ရမှာပါ။ ကောင်စီရဲ့လုပ်ငန်းစဉ်တွေကို အားပေးထောက်ခံတဲ့ နေရာဒေသ အသီးသီးက သတင်းထောက်တွေအားလုံးရဲ့ အကြံပြုချက်၊ ပူးပေါင်းပါဝင်မှုနဲ့ ကိုယ့်အခက်အခဲတွေကို ဖလှယ်ပေးပို့လာကြဖို့ ပြောချင်တယ်” ဟု ပြောသည်။
ထို့အပြင် စစ်အာဏာသိမ်းကာလနောက်ပိုင်း မြန်မာနိုင်ငံရှိသတင်းသမားများသည် သတင်းအလုပ် မလုပ်ဆောင်နိုင်တော့ခြင်း၊ ရပ်တည်ရေး မလောက်ငှခြင်းအပြင် စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ် တရားစွဲဆို ခံရခြင်းများအား IPCM က အချက်အလက်ကောက်ခံ စာရင်းပြုစု၍ ၆ လ တစ်ကြိမ် အစီရင်ခံစာများ ထုတ်ပြန် သွားရန် ရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။
ယခုပြုလုပ်ပြီးစီးသော IPCM ၏ ညီလာခံအတွင်း အမှုဆောင်ကော်မတီဝင်များအဖြစ် ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူး အပါအဝင် ကောင်စီဝင် (၁၀) ဦး အား လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးကောက်တင်မြှောက်ခဲ့ကြကြောင်း သိရသည်။
ပြည်တွင်း/ပြည်ပရှိ လွတ်လပ်သော မြန်မာမီဒီယာ (၃၈) ဖွဲ့နှင့် တစ်သီးပုဂ္ဂလ သတင်းမီဒီယာများအပါအဝင် စုစုပေါင်း ၇၇ ဦး တက်ရောက်ခဲ့ကြသော IPCM ၏ ညီလာခံတွင် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေရသော သတင်းမီဒီယာသမားများကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်လည်း တက်ရောက်လာသူများက တောင်းဆိုခဲ့ကြသည်။
KIC ပေးပို့သည်။