မြဝတီမြို့တောင်ဘက်၊ လေးကေကော်မြို့သစ် အနီးရှိ စွယ်တော်အမြောက်ကုန်းကို တော်လှန်ရေးတပ်များ သိမ်းယူပြီးနောက် တောင်ကြောစခန်းတစ်ခုလုံးကို မြေအပြောင်းရှင်းကာ ကွင်းပြင်အဖြစ် ပြုလုပ်ထားပြီးဖြစ်၍ အာဏာသိမ်းစစ်တပ်က တပ်စွဲနေထိုင်းခြင်း မပြုလုပ်နိုင်သေးဟု မြေပြင်ရှိ တော်လှန်ရေးတပ် တာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။
လေးကေကော်မြို့သစ်သို့ စစ်တပ်က နယ်ခြားစောင့်တပ်နှင့် ပူးပေါင်းကာ အင်းအား ၅၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေပြီး စွယ်တော်အမြောက်ကုန်းကို ပြန်လည်းသိမ်းပိုက်နိုင်ပြီးဟု ဝါဒဖြန့်ပြောဆိုနေမှုအပေါ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ၊ မဟာမိတ်တပ်ဖွဲ့ ရှေ့တန်းရှိ တပ်တာဝန်ရှိသူက ယခုလိုပြောသည်။
”လေးကေကော်အမြာက်ကုန်းက ကျနော်တို့တွေ သိမ်းပြီးကတည်းက တောင်ကြောစခန်းကုန်းတစ်ခုလုံးကို မြေပြောင်ရှင်းထားတာပါ။ ကျနော်တို့လည်း တပ်မစွဲထားပါဘူး။ အခုလည်း သူတို့လည်း ကွင်းပြောင်ကြီးဖြစ်နေတာကို တပ်ထိုင်ပြီး မနေရဲကြပါဘူး။ ရှု့ခင်းသာကုန်း၊ ရသေ့ဂူ၊ မယ်ထော်သလေးဘက်တွေ တိုက်ပွဲဆက်ဖြစ်နေတုန်းပါဘဲ။ လေးကေကော်ဘက်မှာ အားလုံးသိမ်းလို့ မရသေးပါဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က လေးကေကော်ဒေသနှင့် ဖလူး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ပဟိကလော်၊ ထီးမယ်ဝါးခီး ဒေသကို စစ်အုပ်စု /BGF ပူးပေါင်းစစ်ကြောင်းများ အင်အား ၅၀၀ ခန့်ဖြင့် ဖြန့်ခွဲစစ်ဆင်နေသလို KNLA မဟာမိတ်တပ်များဘက်မှလည်း တန်ပြန်ဖြတ်တောက်တိုက်ခိုက်နေပြီး ယနေ့ထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု မင်းလက်ပံကျေးရွာ စစ်ဘေးရှောင်နေသူများက ပြောသည်။
“စစ်တပ်က /BGF နဲ့ ပေါင်းပြီး နေရာစုံကိုထိုးနေတာ ရွာသားတွေလည်း ပစ်ခံရ၊ ဖမ်းခံရတာတွေရှိတော့ ရွာ ပြန်မကြည့်ရဲဘူး။ တိုက်ပွဲသံကတော့ လေးကေကော်ဘက် တိုက်နေတာ ပစ်သံတွေကြားနေရတယ်။ တရုတ်ဆိုဒ် ဘက်လည်းစစ်တပ် /BGFတွေ ရှိ နေတယ်။ ကျနော်တို့ကတော့ ငါးဘတ်ဂိတ်၊ တယ်ဘတ်ဂိတ် သဲသောင်ပြင်ဘက်တွေ ရှောင်နေရတယ်။ တစ်ချက်၊ တစ်ချက် ကျည်တွေလာတယ်” ဟု မင်းလက်ပံ ကျေးရွာ စစ်ရှောင်နေသူက ပြောသည်။
လတ်တလောတွင် KNLA မဟာမိတ်တပ်များ လေးကေကော်ဒေသအနီးတစ်ဝိုက် ပတ်ခြာလည်နေရာများမှ စစ်အုပ်စုတပ်အား တန်ပြန်တိုက်ခိုက်နေသည့်အတွက် စစ်အုပ်စု၊ BGF ပူး ပေါင်းတပ်များ မြေပြင်၌ ထိခိုက်ကျဆုံးမှုရှိနေသည်ဟု သိရသည်။
လက်ရှိ လေးကေကော်ဒေသကို စစ်တပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ချို့တို့ လက်နက်ကြီးပစ်ကူ၊ မစ်ဇိုင်းဒုံးပစ်ကူဖြင့် မြေပြင်၌ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသော်လည်း အပြည့်အဝ မထိန်းချုပ်နိုင်ဖြစ်နေသေးသည်။
လေးကေကော်မြို့သစ်အနီး စွယ်တော်အမြောက်ကုန်း စစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်နေ့တွင် သိမ်းယူပြီးနောက် လေးကေကော်ဒေသသည် စစ်အုပ်စုကင်းစင်ဒေသအဖြစ် စီးပွားရေးနှင့် နေထိုင်သွားလာမှု ပုံမှန်အတိုင်းဖြစ်နေခဲ့ရာမှ စစ်တပ်စစ်ကြောင်းထိုးနေ၍ ယခု ဒေသခံများ လူမှုစီးပွားဘဝများ ပျက်စီးကာ စစ်ဘေးရှောင်နေရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ကေအိုင်စီ