လေးကေကော်ဒေသစစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့်အမိုးအကာ အကူအညီ လိုအပ်နေ

By MPM 8 စက်တင်ဘာ, 2025 👁

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးတင်းမာမှုများကြောင့် လေးကေ့ကော်ဒေသတစ်ဝိုက် စစ်ဘေးကြိုရှောင်လာသူ ထောင်နှင့်ချီရှိလာပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာနှင့် အမိုးအကာများ အဓိကလိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းမှစပြီး လေးကေ့ကော်ဒေသတစ်ဝိုက် စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာနိုင်သလို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လာနိုင်ခြင်းကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ စစ်ဘေးကြိုတင်ရှောင်ရှားနေရခြင်းဖြစ်သည်။

မြဝတီတောင်ဘက် သောင်ရင်းမြစ်အနီးရှိ ပလောတပို့စစ်ရှောင်စခန်းတွင်လည်း လေးကေကော်နှင့် ထီးမယ်ဝါးခီးဘက်မှ စစ်ဘေးရှောင်စုစုပေါင်း အိမ်ခြေ ၁၄၀ ဝန်းကျင်အထိ ရောက်ရှိလာပြီး စားနပ်ရိက္ခာနှင့် အမိုးအကာများ အဓိကလိုအပ်နေသည်ဟု စစ်ဘေးရှောင်အကူအညီပေးနေသူများက ပြောသည်။

“အဓိကလိုတာတော့ အမိုးအကာပေါ့ဗျာ။ အရင်အဆောက်ဦးတွေက ဖျက်ပြီးပြောင်းသွားကြတော့၊ နေရာကလည်းကွင်းပြင်ကြီးလေ။ အခုမှအစကပြန်စရသလိုဖြစ်တာပေါ့။ နောက်တစ်ခုအရေးပေါ်လိုတာက အိမ်သာဆောက်ဖို့နဲ့ရိက္ခာတွေလိုတယ်။ တတ်နိုင်တဲ့ဘက်ကနေ အားလုံးဝိုင်းကူကြရင်ကောင်းမယ်” ဟု အာဏာရှင်တော်လှန်ရေးနှင့်ပြည်သူ့ကာကွယ်ရေးကွန်ရက်အဖွဲ့ ဒုဥက္ကဌ ကိုဇော်ထွန်းက ပြောသည်။

လတ်တလောတွင် စစ်ကြိုရှောင်လာသူများအတွက် တစ်နိုင်တစ်ပိုင်ကူညီထောက်ပံ့မှုဖြင့်သာ လုပ်ဆောင်နေရပြီး စခန်းတာဝန်ရှိသူများကလည်း လိုအပ်ချက်များအတွက် အကူအညီရရှိရေးကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

ပလောတပို့၏စစ်ဘေးရှောင်တာဝန်ခံ အမျိုးသမီးက “တာဝန်ရှိသူတွေကတော့ လုပ်စရာရှိတာတော့ လုပ်နေပါပြီ။ လိုတာတော့အားလုံးလိုဖြစ်နေတယ်။ လောလောဆယ် မိုးထဲလေထဲအပြင် အစကနေပြန်စရမယ်ဆိုတော့ အစစအရာရာ လိုအပ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးအပြင် လေးကေ့ကော်၊ သေ့ဘော်ဘိုးဒေသနှင့် ဝေါလေလမ်းပိုင်းတို့အား ပြန်လည်ထိန်းချုပ်နိုင်ရေး မြေပြင်သာလွန်အင်အားသုံးကာ ထိုးစစ်ဆင်နေသည့် စစ်ကောင်စီက ယင်းဒေသများတစ်ဝိုက် ကင်းထောက်လေယာဥ်ပျံဝဲမှုများပါလုပ်ဆောင်လျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင်လည်း လေးကေ့ကော်မြို့အနီး ရသေ့ဂူရွာသို့ ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ထို့ကြောင့် မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ ဖလူး၊ ထီးမယ်ဝါးခီး၊ ဘဲဟိကလော်၊ ရသေ့ဂူ၊ မင်းလက်ပံ ကျေးရွာသားများသည် ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်ကမ်းဘက်သို့ အရေးပေါ်ထွက်ပြေးရှောင်တိမ်းနေရသည်ဟု ဒေသတွင်းသတင်းများအရ သိရသည်။

၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များက စွယ်တော်ကုန်းစခန်းကို သိမ်းပိုက်ရရှိပြီးနောက် လေးကေ့ကော်ဒေသသည် စစ်ကောင်စီကင်းစင်နယ်မြေဖြစ်လာသည်။

ထို့ကြောင့် ဒေသခံပြည်သူများသည် နေရပ်သို့ ပြန်လည်နေထိုင်ကြပြီး လအနည်းငယ်အတွင်း၌ တကျော့ပြန် စစ်ဘေးရှောင်ကြရသည့် အခြေအနေများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ကေအိုင်စီ