တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ရှိ လောင်းလုံးမြို့မရဲစခန်း တိုက်ခိုက်ခံရသည့်ဖြစ်စဉ်အတွင်း အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၂ ဦး ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များတပ်စွဲထားသော လောင်းလုံးမြို့မရဲစခန်းကို နိုဝင်ဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ နီးပါးကြာဖြစ်ပွားခဲ့ပြီး ရဲစခန်းဘက်က ပစ်ခတ်လိုက်သည့်ကျည်ကြောင့် လမ်းဘေးဘယာကြော်ဆိုင်တွင်ရှိနေသော အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသား၏ ခြေထောက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များ ပြောဆိုမှုအရ သိရသည်။
ထိုသို့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အင်အား ၆၀ ကျော်ပါသော စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် မြို့အဝင်/အထွက်နေရာတို့တွင် ပိတ်ဆို့ရှာဖွေခဲ့ပြီးနောက် (ဃ) ရပ်ကွက်ရှိ ဒေသခံ ၂ ဦးကို ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။
ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ပြောပြချက်အရ ရဲစခန်းတိုက်ခိုက်ခံရသည့် ဖြစ်စဉ်အတွင်း ရဲမေတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
တော်လှန်အင်အားစုအဖွဲ့များ လှုပ်ရှားမှုအားကောင်းသည့် လောင်းလုံးမြို့နယ်တွင် အာဏာသိမ်းကာလအတွင်း ရဲစခန်းအပါအဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်များ မကြာခဏ တိုက်ခိုက်ခံနေရမှုများ ရှိနေသည်။
လက်ရှိတွင်လည်း စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်အောက်ပိုင်းက ကျေးရွာများထဲကို စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် တော်လှန်အင်အားစုအဖွဲ့များနှင့် တိုက်ပွဲများရှိနေပြီး နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိနေသည်။
သံလွင်တိုင်းမ် ပေးပို့သည်။