တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင်များ စုဝေးနေသည့်နေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာတွင် ပျူစောထီးအဖွဲ့ဝင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
ထိုသို့ ကနဦးစီးနင်းတိုက်ခိုက်မှုကို ဩဂုတ် ၂၂ ရက် မနက် ၁၀ နာရီခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုအတွင်း ပျူစောထီးအဖွဲ့ဝင်အားလုံး ထွက်ပြေးလွတ်မြောက်သွားသည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယင်းနောက် ဒုတိယပစ်မှတ်အဖြစ် ပျူစောထီးခေါင်းဆောင် ဦးကြည်ဖြူနေအိမ်သို့ ဆက်လက်၍ ဝင်ရောက်စီးနင်းစဉ် အိမ်ရှင်ဦးကြည်ဖြူက လက်နက်ငယ်နှင့် ပြန်ခုခံပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုအတွင်း ပျူစောထီးအဖွဲ့ဝင်ဖြစ်သူ ဒေါ်အင်ရွှေ သေဆုံးခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်မှုပြီးနောက် ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးကြည်ဖြူ၏နေအိမ်ကို မီးရှို့သွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ထိုသို့နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ် တာဝါတိုင်စခန်းကုန်းကနေ လက်နက်ကြီး ၄ လုံးထက်မနည်း ပစ်ကူပေခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။
လက်ရှိ၌ စစ်ကောင်စီတပ်က ကျောက်နီမော်ကျေးရွာတွင် တစ်ရွာလုံးအတိုင်းအတာဖြင့် လုံခြုံရေးတိုးမြှင့်ထားပြီး ပင်လယ်ပြင်၌လည်း ရေတပ်စစ်သင်္ဘော ကင်းလှည့်နေသည်ဟု တော်လှန်ရေးအင်အားစုများက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လိပ်ပြာတပ်စု၊ ဂဠုန်တပ်စုနှင့် ကင်းမြှီးကောက် ပြောက်ကျားတပ်စုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။