တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့ထဲတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံအရပ်သား ၁၀ ဦးခန့်အား ဖမ်းဆီးသွားသည်ဟု ရွာသားများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်သည် တပ်အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာစဉ် ညင်းမော်ကျေးရွာအနီးရှိ ကြယ်တောင်တဝိုက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စောင့်ကြို၍ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ပြောဆိုသည်။
ညင်းမော်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညင်းမော်ကျေးရွာထဲတွင် ရှိနေသည့် ရွာသား ၁၀ ဦးခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ရွာသားများက ပြောဆိုသည်။
ယင်းအပြင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာထဲရှိ ရွာသားများ၏ ဆိုင်ကယ်များကိုပါ လောင်းလုံးမြို့ဘက်သို့ ယူဆောင်သွားသည်ဟု ၎င်းတို့က ဆက်ပြောသည်။
ညင်းမော်ကျေးရွာသားတစ်ဦးက “ရွာသားတွေက ကြောက်လန့်ပြီး တောထဲတွေ ရှောင်တိမ်းနေကြရတာကြောင့် ရွာထဲမှာက လူတွေ မရှိကြတော့ဘူး။ မိုးကလည်း အဆက်မပြတ်ရွာနေတော့ ဒုက္ခရောက်နေကြရတယ်” ဟု ပြောသည်။
ဖမ်းဆီးခံလိုက်ရသည့် ရွာသားများ၏ နောက်ဆက်တွဲ အခြေအနေကိုလည်း မသိရသေးသောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသည်ဟု ၎င်းက ပြောပါသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကြောင့် ညင်းမော်၊ စစ်ပြဲ၊ ဂေါ့အင်းနှင့် အနီးအနားရှိ အခြားသော ကျေးရွာများမှ ရွာသားများသည်လည်း ကြောက်လန့်ပြီး ဘေးလွှတ်နိုင်သည့် နီးစပ်ရာနေရာများဆီ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။
လောင်းလုံးမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများက အာဇာနည်နေ့ အခမ်းအနားလုပ်ဆောင်ရန် ရှိနေသောကြောင့် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး ကင်းလှည့်လာခြင်းဖြစ်နိုင်ကြောင်းနှင့် နှစ်ဘက် ထိခိုက်မှုအခြေအနေကိုမူ မသိရှိရသေးကြောင်း ရွာသားများက ပြောဆိုသည်။
စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးနေသည့် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်း၌ပင် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ထားဝယ်ခရိုင် သပိတ်ကော်မတီမှ ဦးဆောင်ပြီး အာဇာနည်နေ့အခမ်းအနားကို ပြုလုပ်ခဲ့ကြသေးသည်။
NMG ပေးပို့သည်။