လောင်းလုံးတွင် စစ်ဆေးရေးဂိတ်စခန်းမှ တပ်သားတို့က စိတ်မနှံ့သည့် ဒေသခံအမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့

By MPM 3 နိုဝင်ဘာ, 2024 👁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သားများက စိတ်မနှံ့သည့် အမျိုးသားတစ်ဦးကို သေနတ်နှင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများ ပြောဆိုမှုအရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက် နံနက် ၉ နာရီခန့်က ထားဝယ်မြို့မှ လောင်းလုံးမြို့ဘက်ကို ဆိုင်ကယ်စီးလာသော ဒေသခံအမျိုးသားတစ်ဦးကို လဝကရုံးစစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပစ်သတ်ခံရသူအမျိုးသားသည် စိတ်မနှံ့သူဖြစ်ပြီး စစ်ကောင်စီစစ်ဆေးရေးဂိတ်ရှေ့ရှိ အတားအဆီးများကို ဆင်းဖယ်ရှားရာမှ သေနတ်နှင့်ပစ်ခတ်ခံရပြီး ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

သေဆုံးသူအမျိုးသားသည် လောင်းလုံးမြို့၊ ကဘူကျေးရွာက အသက် ၄၀ ဝန်းကျင်အရွယ် ဦးကျော်ခိုင်ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်လော်ဘီ တယ်လီဂရမ် ချန်နယ်များတွင် လောင်းလုံးမြို့ စရဖရုံးကို PDF များက လက်နက်ငယ်နှင့် လာရောက်ပစ်ခတ်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်ရာ PDF တစ်ဦး သေဆုံးခဲ့သည်ဟု ဝါဒဖြန့်ရေးသားထားသည်ကို တွေ့ရသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက လောင်းလုံးမြို့ပေါ်တွင် နှစ်ဖက်တပ်ကြား ပစ်ခတ်မှုများမရှိသလို သေဆုံးခဲ့သည့်အမျိုးသားသည် စိတ်မနှံ့သော အရပ်သားပြည်သူတစ်ဦးသာဖြစ်ပြီး စစ်ကောင်စီက ပစ်သတ်ပြီးနောက် PDF အင်္ကျီဝတ်ဆင်ပေးကာ PDF ရဲဘော်တစ်ဦးဟု ဝါဒဖြန့် ရေသားဖော်ပြခြင်းဖြစ်သည်ဟု ပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နှင့် လက်ဝေခံအဖွဲ့တို့၏ ဖမ်းဆီးသတ်ဖြတ်မှုနှင့် ဒရုန်းဗုံးသီးချ တိုက်ခိုက်ခြင်းကြောင့် အရပ်သား ၁၇ ဦး သေဆုံးခဲ့သည်ဟု သုတေသနအဖွဲ့တခုဖြစ်သည့် FE5 Thanintharyi အစီရင်ခံစာတွင် ဖော်ပြထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။