တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲက ကျေးရွာများကို စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် လက်နက်ကြီးပစ်ခတ်နေသည့်အတွက် ဒေသခံထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရဟု ဒေသခံများနှင့် လောင်းလုံး PDF တို့က ပြောဆိုသည်။
မောင်းမကန်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဩဂုတ် ၁၈ ရက်နေ့က စတင်ပြီး သဲပုံတောင်စစ်ကောင်စီတပ်စခန်းနှင့် သဘော့ဆိပ်ရွာ အနောက်ဘက် ပင်လယ်ပြင်၌ ကင်းလှည့်နေသည့် စစ်သင်္ဘောကနေ သဘော့ဆိပ်၊ ပြင်ကြီးနှင့် ကရင်ကြီးကျေးရွာများဘက်ကို နေ့စဉ်ရက်ဆက် လက်နက်ကြီးနှင့် ပစ်ခတ်နေခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် သဘော့ဆိပ်၊ ပြင်ကြီးနှင့် ကရင်ကြီးကျေးရွာတို့က ဒေသခံပြည်သူ ၃၀၀၀ ကျော်သည် လောင်းလုံးမြို့ပေါ်နှင့် နီးစပ်ရာကျေးရွာများဘက်ကို ထွက်ပြေးတိမ်းရှောင်နေရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ပြင်ကြီးကျေးရွာက ဒေသခံနေအိမ် ၄ လုံးထက်မနည်း ပျက်စီးသွားသလို အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီတပ်က တစ်နေ့လျှင် လက်နက်ကြီးနှင့် ပစ်ခတ်မှု အကြိမ် ၂၀ ထက် မနည်းရှိနေပြီး ထိုသို့ပစ်ခတ်မှုက ဦးတည်ချက်မရှိဘဲ ရမ်းသမ်းပစ် ခတ်ခြင်းဖြစ်ကြောင်း ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၇ ရက်နေ့ ညနေပိုင်းက လောင်းလုံးမြို့နယ် မောင်းမကန်နှင့် ထားဝယ်မြို့ပေါ်တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က PDF များ သွားလာလှုပ်ရှားတတ်သော နေရာများကို ခန့်မှန်းပြီး လက်နက်ကြီးနှင့် ပစ်ခတ်မှု လုပ်ဆောင်နေခြင်း ဖြစ်သည်။
ဒေသတွင်းသုတေသနအဖွဲ့တစ်ခုဖြစ်သည့် FE5 Taninthary က ပြုစုထားသော အချက်အလက်များအရ ပြီးခဲ့သော ဇူလိုင်လအတွင်း တနင်္သာရီတိုင်းထဲ၌ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူ ၆၀,၀၀၀ ကျော်အထိ ရှိလာသည်ဟု ဆိုသည်။
သံလွင်တိုင်းမ် ပေးပို့သည်။