တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ အောက်ဘက်တကြောရှိ ကျေးရွာများကို ပြီးခဲ့သည် ဇွန်လ ၁၄ ရက်နေ့ကစ၍ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ကညုံကျွန်းရွာအတွင်းတပ်စွဲကာ ရွာခံများကို ဖမ်းဆီးခြိမ်းခြောက်ထားကြောင်း ဒေသခံသတင်းရင်းမြစ်များ ပြောဆိုမှုအရ သိရသည်။
လောင်းလုံးမြို့အနီး လတ်ခတ်တောင်စခန်းတိုက်ပွဲအတွင်း ထားဝယ်ဘက်မှ စစ်ကူတက်လာသည့် အင်အား ၈၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့များသည် လောင်းလုံးမြို့နယ်၊ စပ်ပြဲရွာမှတဆင့် ကညုံကျွန်းရွာသို့ရောက်ရှိလာပြီး ရွာအတွင်းရှိ ဒေသခံနေအိမ်နှင့် ဘုန်းကြီးကျောင်းများတွင် ယနေ့ထိ တပ်စွဲနေခြင်းဖြစ်သည်။
ယင်းနောက် ကညုံကျွန်းရွာတွင် ထွက်မပြေးနိုင်ဘဲ ကျန်ရှိနေသည့် သက်ကြီးရွယ်အိုများအပါအဝင် မိသားစုလိုက်ရှိနေသည့် ဒေသခံ ၄၀ ထက်မနည်းကို ဖမ်းဆီးခြိမ်းခြောက်ထားသည်ဟု အဆိုပါအခြေအနေကို သိရှိသည့် လောင်းလုံးဒေသခံက ပြောသည်။
“စကစက ရွာထဲကအိမ်တွေ ဘုန်းကြီးကျောင်းတွေမှာရှိနေတာ၊ ရွာထဲမှာရှိတဲ့သူတွေကို ဖမ်းခေါ်ထားတယ်။ အပြင်ထွက်လို့မရတဲ့ သက်ကြီးပိုင်းတွေပဲ ပိုများတယ်ဆိုပေမယ့် လူဦးရေက ၄၀၊ ၅၀ လောက်ရှိနေသေးတယ်။ တချို့ကိုဆိုရင် အိမ်ထဲကနေ အိမ်ပြင်မထွက်နဲ့ဆိုပြီး ပြောထားတယ်” ဟု ထိုဒေသခံက ပြောသည်။
စပ်ပြဲရွာတွင် စတင်တပ်စွဲခဲ့သည့် အဆိုပါတပ်စစ်ကြောင်းသည် ကညုံကျွန်းရွာကို ညတွင်းချင်း ရောက်ရှိလာတာကြောင့် ကြိုတင်ရှောင်ရှားသည့် ရွာခံတချို့မှလွဲပြီး အများစုမှာ ရှောင်ပြေးချိန်မရလိုက်ကြောင်းလည်း ကျန်ခဲ့သည့် ရွာခံများနှင့်နီးစပ်သူများထံမှ သိရသည်။
စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ခဲ့သည့် လောင်းလုံးအောက်ဘက်တကြောရှိ ရွာများမှ ဒေသခံများမှာလည်း စစ်ကြောင်း ပြန်မထွက်သေးသည့်အတွက် နေအိမ်မပြန်ရဲဘဲ နီးစပ်ရာတွင် ပုန်းရှောင်နေကြရသည်။
ထို့အပြင် ကညုံကျွန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ရေကြောင်းမှနေ၍ ရွာထဲသို့ တပ်အင်အားပို့ဆောင်ပြီး အင်အားတိုးချဲ့ဖြည့်တင်းနေကြောင်း လောင်းလုံးအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်များ၏ ပြောဆိုမှုအရ သိရသည်။
ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ကလည်း လောင်းလုံးမြို့နှင့် စမ်းလှမ်းကျေးရွာကြား လမ်းမပိုင်းတွင် သွားလာနေသူများနှင့် ဥယျာဥ်ခြံအတွင်းရှိ ဒေသခံများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ချိန် ဖမ်းဆီးခဲ့ပြီးနောက် လတ်ခတ်တောင်စခန်းအထိ ခေါ်ယူထိန်းသိမ်းခံခဲ့ရကြောင်း တနင်္သာရီအခြေစိုက် သတင်းမီဒီယာအချို့က ဖော်ပြကြသည်။
KIC ပေးပို့သည်။