တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က ရွာသား ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရွာကိုလည်း မီးရှို့သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီနေ့ မတ် ၄ ရက်နေ့ မနက် ၉ နာရီလောက်မှာ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ကျောက်နီမော်ကျေးရွာကနေ အောက်ကျောက်ဝပ်ကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့သွားခဲ့တာပါ။
စစ်ကောင်စီတပ်ဟာ အောက်ကျောက်ဝပ်ရွာသား ၆ ဦးက ိုဖမ်းဆီးပြီး ကျေးရွာဘေားလုံးကွင်းမှာ သေနတ်နဲ့ ပစ်သတ်သွားခဲ့တာဖြစ်ကာ အဲဒီထဲက ရွာသား ၅ ဦး နေရာမှာပဲ သေဆုံးခဲ့သလို ကျန်တစ်ဦးက စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ အောက်ကျောက်ဝပ်ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက် ကျောက်နီမော်ဘက်ကိုလည်း ပြန်လည်ထွက်ခွာသွားသွားတယ်လို့ သိရပါတယ်။
အောက်ကျောက်ဝပ်ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားတာကြောင့် ကနဦးမှာ နေအိမ် ၃ လုံးထက်မနည်း မီးလောင်ပျက်စီးထားတာပါ။
ပြီးခဲ့တဲ့ မတ် ၂ ရက်နေ့က အောက်ကျောက်ဝပ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့မှာ အောက်ကျောက်ဝပ်ကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ နေအိမ်တွေကို မီးရှို့တာတွေ လုပ်ဆောင်ခဲ့တာပါ။
အောက်ကျောက်ဝပ်ကျေးရွာ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး သေနတ်တစ်လက်အပါအဝင် ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ လောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
သံလွင်တိုင်းမ် – ပေးပို့သည်။