KNU – ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၁) သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ခံထားရသည့် မင်းစော (ဃောဖိုးပလယ်) နှင့် တဂေးလောင်း (ထီးချီဘော) ရွာနှစ်ရွာမှ စစ်ရှောင်ပြည်သူ ၂ ထောင်ကျော်သည် ယနေ့ချိန်အထိ နေရပ်ရွာတွင် လေယာဥ်ပျံဝဲမှုရှိနေသဖြင့် နေရပ်သို့မပြန်နိုင်သေးကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၁၉ ရက်နေ့က ဘီးလင်းမြို့နယ်ရှိ မင်းစောရွာဘုန်းကြီးကျောင်းသို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ချိန်အထိ လေယာဥ်ပျံဝဲမှုများရှိနေ၍ ရွာနှစ်ရွာပေါင်း အိမ်ထောင်စု ၇၀၁ စုမှ လူဦးရေ ၂,၂၂၂ ဦးမှာ နေရပ်မပြန်နိုင်သေးခြင်းဖြစ်သည်ဟု ဘီးလင်းမြို့ရှိ စစ်ရှောင်ကူညီပေးသူတို့က ပြောသည်။
စစ်ရှောင်ကူ အမျိုးသမီးတစ်ဦးက “လူတွေက ညညအိပ်မရဲကြဘူး။ လယ်ထဲတောထဲသွားပြီး ရှောင်နေရတယ်။ နေ့ဘက်ပြန်လာပေမယ့် ခဏပဲ၊ လေယာဥ်ကြောက်လို့ ကြာကြာမနေရဲဘူး။ လေယာဥ်ကလည်း ဒီနေ့အထိ လာလာဝဲနေတယ်။ တဂေးလောင်းက မင်းစောရဲ့ဘေးရွာ၊ မင်းစောမှာဖြစ်ပြီးကတည်းက သူတို့လည်း သတင်းကရထားတော့ မနေရဲကြဘူးလေ” ဟု ပြောသည်။
မင်းစောရွာ လေကြောင်းတိုက်ခိုက်ခံခဲ့ရစဥ်က သံဃာတော်များ ဆွမ်းစားနေချိန်ဖြစ်၍ ဝိုင်းဝန်းဆွမ်းပြင်ပေးရန် ကျောင်းသို့ရောက်နေသည့် ဒေသခံများပါ ထိခိုက်သေဆုံးမှုတွင်ပါဝင်ခဲ့သည်။ ထိုအချိန်ကတည်းက ဒေသခံများမှာ ရွာပြင်ထွက်အိပ်စက်ကြရခြင်းဖြစ်ပြီး နောက်ပိုင်း ရွာ၌ပြန်နေသူအများစုမှာလည်း လတ်တလော စစ်ကောင်စီလေယာဥ်များ အသွားအလာရှိနေ၍ သတိထားနေကြရကြောင်း KNU တပ်မဟာ (၁) တာဝန်ရှိသူတို့ ပြောသည်။
အများစုမှာ တောင်ယာ၊ လယ်ယာ အသက်မွေးလုပ်ငန်းကိုသာလုပ်ကိုင်ကြရပြီး မိမိနေအိမ်၌ ကောင်းစွာ နေထိုင်အလုပ်လုပ်ကိုင်ရခြင်းမရှိ၍ ရေရှည်စားဝတ်နေရေးအတွက် အခက်အခဲဖြစ်လာနိုင်မည်ဟုလည်း စစ်ရှောင်များကို အကူအညီပေးနေသည့် အမျိုးသမီးက ဆက်ပြောသည်။
“လေယာဥ်လာလာနေတာ့ အလုပ်ကကောင်းကောင်းမလုပ်ရဘူး။ အသံကြားတာနဲ့ရှောင်ရပြီ။ လက်ရှိတော့ ရှိတာလေးနဲ့ စားတယ်။ ရက်ရှည်မှာဆိုရင် ပိုပြီးအဆင်မပြေဘူးလေ။ သူတို့အတွက် အဓိကလိုအပ်တာ အခြေခံ စားသောက်ကုန်၊ ဆန်၊ ဆီပဲ” ဟု ၎င်းက ပြောပါသည်။
စစ်ရှောင်အုပ်စုတွင်ပါဝင်သည့် တဂေးလောင်းကျေးရွာမှာ ယခုနှစ် ဇန်နဝါရီလလယ်က စစ်ကောင်စီမှ ဒုတိယအကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် ကျေးရွာဖြစ်ပြီး ထိုစဥ်က ရွာပြင်နှင့်စာသင်ကျောင်းသို့ ဗုံးကျရောက်၍ ရွာခံများ စိုးရိမ်ထိတ်လန့်မှုဖြင့် သွားလာလုပ်ကိုင်နေကြရကြောင်း သိရသည်။
ယခုဧပြီလအတွင်း စစ်ကောင်စီက KNU ထိန်းချုပ်သည့်နယ်မြေများအား လေကြောင်းတိုက်ခိုက်မှုများ ထပ်တိုးလုပ်ဆောင်လာနေခြင်းကြောင့် ပြည်သူလူထုအသက်အိုးအိမ် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပွားလျက်ရှိသည်။
ကရင်ပြည်တွင်း နေရပ်စွန့်ခွာရသူများကော်မတီ – CIDKP ၏ ၂၀၂၅ မတ်လအထိစာရင်းများအရ KNU ထိန်းချုပ်သည့် ခရိုင်ခုနှစ်ခုလုံးပေါင်း စစ်ရှောင် ၁၁ သိန်းကျော်ရှိလာပြီး သထုံခရိုင်တစ်ခုတည်းတွင် စစ်ရှောင်ဦးရေ ၁ သိန်း ၄ သောင်းကျော် ရှိနေသည်။
KIC ပေးပို့သည်။