ယခင်က အမ်းမြို့သိမ်းတိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်သွားကြသည့် ဒေသခံများမှာ လေကြောင်းရန်နှင့် မြေမြှုပ်မိုင်းအန္တရာယ်များကြောင့် ယနေ့အချိန်ထိ နေရပ်ပြန်ရန် ခက်ခဲနေကြဆဲ ဖြစ်သည်။
လက်ရှိ အမ်းမြို့ ရပ်ကွက်အချို့တွင် ပြန်လည်ဝင်ရောက် နေထိုင်သူအချို့ ရှိနေကြသော်လည်း အများစုမှာ လုံခြုံရေးအာမခံချက် မရှိသေးသဖြင့် ဘေးလွတ်ရာ တောတောင်များနှင့် ဆွေမျိုးများအိမ်တွင် ဆက်လက် ခိုလှုံနေကြခြင်းဖြစ်သည်။
“လေယာဉ်တွေကိုလည်း ကြောက်ရသေးတယ်။ စိတ်မချရသေးဘူး။ ဒါကြောင့်မို့ မပြန်သေးတာ။ စားဝတ်နေရေးအတွက်လည်း အဲဒီမှာ ခက်ခဲတယ်လေ။ ဒီမှာကျတော့ ရှာရဖွေရတာလည်း နည်းနည်းပါးပါး အဆင်ပြေတယ်။ ဟိုမှာ (မြို့ပေါ်မှာ)က မိုင်းတွေကိုလည်း ကြောက်ရသေးတယ်။ စိတ်မချရသေးဘူး” ဟု အမ်း စစ်ဘေးရှောင် အသက် ၂၂ နှစ်အရွယ် မခိုင်နှင်းဝေက DMG ကို ပြောသည်။
မခိုင်နှင်းဝေတို့ မိသားစုသည် အမ်းမြို့သိမ်းတိုက်ပွဲ ဖြစ်စဉ်ကတည်းက ပြောင်းရွှေ့လာခဲ့ကြခြင်းဖြစ်ပြီး အိမ်ပြန်ရန် စိန်ခေါ်မှုများနှင့်ပတ်သက်၍ စိုးရိမ်နေခြင်းဖြစ်သည်။
အမ်းမြို့နယ်သည် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ရာ နေရာဖြစ်သဖြင့် ခိုင်မာသည့် တပ်စခန်းများနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများစွာရှိပြီး မြို့နှင့် ပတ်ဝန်းကျင်အနှံ့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ကြသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် အန္တရာယ်အပါအဝင် မြို့၊ ရွာ အရပ်သားများကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ရှိနေသဖြင့် လေကြောင်းရန်ကိုပါ ထပ်ဆင့် စိုးရိမ်နေကြရခြင်းဖြစ်သည်။
“စိုးရိမ်တာက စားသောက်ရေးကို ပူပင်တယ်။ ပြီးရင် လေယာဉ်ဝဲလာရင် ကြောက်ရတာက တစ်မျိုး။ ကျမတို့က ကြုံခဲ့ရတော့ အရမ်းကြောက်တယ်။ ဟိုတစ်နေ့က ဒီနားမှာ ယာမီးရှို့တာကိုတောင်မှ ဗုံးကြဲတာလား မသိဆိုပြီး ဗုံးခိုကျင်းထဲ ဝင်ရမလို ဖြစ်ခဲ့ရတယ်။ ကြုံဖူးတဲ့ အခါကျတော့ စိတ်က အလန့်တကြား ဖြစ်နေတာ” ဟု အသက် ၅၆ နှစ်အရွယ် ဒေါ်ဝိုင်းစိန်က DMG ကို ပြောသည်။
အမ်းတိုက်ပွဲတွင် လေယာဉ်သံ၊ ဗုံးသံများကြားမှ အသက်လုပြီး ထွက်ပြေးလာခဲ့ရသည့် ဒေါ်ဝိုင်းစိန်မှာ ယခင်က ကြုံတွေ့ခဲ့ရသည့် မြင်ကွင်းများကို မေ့ပျောက်ရန် ခက်ခဲနေပြီး လက်ရှိအချိန်ထိ စိတ်ဒဏ်ရာကဲ့သို့ ခံစားနေရဆဲဖြစ်သဖြင့် နေရပ်ပြန်ရန် ကြောက်လန့်နေခြင်းဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း အသက်အန္တရာယ် မလုံခြုံမှုအပါအဝင် လက်ရှိ နေထိုင်ဆဲနေရာတွင်လည်း လုပ်ကိုင်စားသောက်ရေး အဆင်မပြေမှုများကြောင့် သားသမီးများ၏ ပညာရေးနှင့် အနာဂတ်ပေါ် စိုးရိမ်မှုများ ရှိနေကြသည်။
“ကလေး ကျန်းမာရေးတို့ ပညာရေးတို့ ဒါတွေကျတော့လည်း အရင်နဲ့ မတူတော့ဘူးလေ။ ဘယ်လို ပြောရမလဲ အခုလို အခြေအနေ (စစ်ဘေးရှောင်ဘဝ) နဲ့က ပိုဆိုးလာတာပေါ့။ အနာဂတ်ဆိုတာက သိပ်မသေချာတော့ဘူးလေ။ ဘယ်လို ဖြစ်လာမလဲဆိုတာ ကျမတို့လည်း မသိသေးဘူး” ဟု မခိုင်နှင်းဝေက ပြောသည်။
အာရက္ခတပ်တော်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အမ်းမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မြို့တွင်းနှင့် မြို့အနီးကျေးရွာများတွင် မိုင်းအန္တရာယ် ရှင်းလင်းမှုများ လုပ်နေကြောင်း သိရသည်။
သို့သော်လည်း စစ်ကောင်စီ၏ လေကြောင်းရန်အပါအဝင် မိုင်းအန္တရာယ်များ ကျယ်ကျယ်ပြန့်ပြန့်ရှိနေသဖြင့် စစ်ဘေးရှောင်များမှာ လုံခြုံစွာ နေရပ်ပြန်ရေးအတွက် စိန်ခေါ်မှုများရှိနေပြီး အချိန်အတန်ကြာ စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း အမ်းဒေသခံများက ပြောဆိုကြသည်။
DMG