အာဏာသိမ်းစစ်တပ်၏ လေကြောင်းမှတိုက်ခိုက်နေသော စစ်ရာဇဝတ်မှု လုပ်ရပ်များကို အမြန်ဆုံး ရပ်တန့်စေရေးအတွက် တားဆီးကူညီပေးရန် ကုလသမဂ္ဂနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများအား တောင်းဆိုကြောင်း ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့က ဒီဇင်ဘာလ ၁၆ ရက်တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။
အာဏာသိမ်းစစ်အုပ်စုသည် စစ်ဘက်မဟုတ်သည့် အရပ်သားပြည်သူများ စုဝေးနေထိုင်ရာ နေရာများကို ဦးတည်ပစ်မှတ်ထားကာ ရခိုင်အပါအဝင် မြန်မာပြည်အနှံ့အပြားအား နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေကြောင်း ကြေညာချက်တွင် ပြောထားသည်။
အပြည်ပြည်ဆိိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အာဏာသိမ်းစစ်တပ်က ရခိုင်၊ မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနာများ၊ လူနာစောင့်များနှင့် ကလေးငယ်တဦးအပါအဝင် ၃၃ ဦး သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။
ထို့ပြင် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အာဏာသိမ်းစစ်တပ်က စစ်ရှောင်များနေထိုင်သည့် ကျောက်ဖြူမြို့နယ်၊ ငလုံးစုအထက်ရွာနှင့် အောက်ရွာကို ဗုံးကြဲခဲ့ရာ အရပ်သား ကိုးဦး သေဆုံးခဲ့သည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့တွင်လည်း ကျောက်ဖြူ၊ ကျောက်ကလေကျေးရွာ ဘုန်းကြီးကျောင်း၊ အင်တိုင်းကြီးကျေးရွာ ဘုန်းကြီးကျောင်းနှင့် မင်းရပ်ကျေးရွာ စာသင်ကျောင်းတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ယင်းသည် လူထုကို ပစ်မှတ်ထား တိုက်ခိုက်ကာ အစုလိုက်အပြုံလိုက် သေဆုံးစေသည့် စစ်ရာဇဝတ်မှုဖြစ်ပြီး မြန်မာပြည်အား ကျရှုံးနိုင်ငံအဖြစ်သို့ အဆုံးစွန်ထိ တွန်းပို့နေခြင်းဖြစ်ကြောင်း MNDAA နှင့် TNLA တို့က ကြေညာချက်တွင် ပြောဆိုထားသည်။
MNDAA နှင့် TNLA တို့သည် အာရက္ခတပ်တော် (AA) ပါဝင်သော မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့ဝင်များဖြစ်ကြသည်။
ဒီဇင်ဘာ ၁၅ ရက်) နေ့လယ် ၁၂ နာရီခွဲ အချိန်တွင်လည်း အာဏာသိမ်းစစ်တပ်က စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် အနောက်ခြမ်း ဇီးတောကျေးရွာအနီး ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်၍ ဒေသခံအမျိုးသား ငါးဦးသေဆုံးခဲ့သေးသည်။
မဇ္စျိမ