လူမှုကွန်ရက်စာမျက်နှာတွင် စစ်ကောင်စီကို ဝေဖန်ရေးသားဖြန့်ဝေခဲ့သည်ဆိုပြီး မော်လမြိုင်မြို့ခံတစ်ဦး ဖမ်းဆီးခံရ

By MPM 19 မတ်, 2024 👁

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ခံ လူငယ်တစ်ဦးကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် စစ်ကောင်စီကို ဝေဖန်သည့် မှတ်ချက်စာ ရေးသားဖြန့်ဝေခဲ့သည်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးပြီးအမှုဖွင့်အရေးယူခဲ့ကြောင်း ဒေသခံများ ပြောဆိုသည်။

မတ်လ ၁၈ ရက်နေ့ ညနေ ၃ နာရီခန့်က မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ အရာတော်လမ်းနှင့် တောင်ပေါ်တန်း လမ်းဆုံနေရာတွင် ဖြတ်သန်းသွားလာသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့က စစ်ဆေးလုပ်ဆောင်နေစဉ် ဆိုင်ကယ်စီးလာသည့် မော်လမြိုင်မြို့ခံ အဆိုပါလူငယ်ကို ရပ်တန့်ခိုင်းပြီး စစ်ဆေးခဲ့ရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

မော်လမြိုင်မြို့နေ အဆိုပါလူငယ် အသက် ၂၄ နှစ်အရွယ် မောင်ထွန်းလင်း၏ ဆိုင်ကယ်၊ လက်ကိုင်ဖုန်းတို့ကို စစ်ဆေးရာ ဖုန်းတွင် Htun Lin Fcaebook Account ဖြင့် စစ်မှုထမ်းဥပဒေဆိုင်ရာ ပို့စ်၊ PDF နှင့် ပတ်သက်သည့် ပို့စ်တို့ကို ဖြန့်ဝေထားသည်ကို တွေ့ရှိသည်ဆိုပြီး မောင်ထွန်းလင်းကို ဖမ်းဆီးသွားပြီး ဖုန်းနှင့် ဆိုင်ကယ်ကိုလည်း သိမ်းဆည်းခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

ယင်းနောက် မောင်ထွန်းလင်းကို နိုင်ငံတော် အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်၊ နိုင်ငံတော် အကြည်ညိုပျက်စေရန်နှင့် ပြည်သူလူထု ဆူပူအုံကြွမှုများကို ဖြစ်ပေါ်စေရန် ပို့စ်များ၊ မမှန်မကန်သတင်းများ ရေးသား ဖြန့်ဝေသည့် စွပ်စွဲချက်ဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခဲ့သည်ဟု ဆိုသည်။

မော်လမြိုင်မြို့တွင် ယခင်က စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များက ထိုသို့စစ်ဆေးမှုများ လုပ်ဆောင်ရာတွင် ဆိုင်ကယ်ကိုသာ စစ်ဆေးကြသော်လည်း ယခုနောက်ပိုင်းတွင် ဖုန်းကိုပါ စစ်ဆေးလာကြောင်း အထူးသဖြင့် facebook လူမှုကွန်ရက်စာမျက်နှာကိုပါ စစ်ဆေးနေသည်ဟု မော်လမြိုင်မြို့ခံများက ပြောပြသည်။

မော်လမြိုင်မြို့ခံတစ်ဦးက “ကိုယ်က အပြင်ထွက်လို့ စစ်ဆေးရေးအဖွဲ့နဲ့ မဆုံချင်ရင် ရှောင်သွားကြပါ။ မလွှဲသာ မရှောင်သာ ဆုံလို့ စစ်ဆေးခံမယ်ဆိုရင်လည်း ဖုန်းထဲကပုံတွေ၊ ပိုစ့်တွေ သတိထားပြီး ဖျက်ထားကြဖို့ အကြံပြုချင် ပါတယ်။ သူတို့ (ရဲတပ်ဖွဲ့) က အဲဒါမျိုးတွေ့ရင် သူတို့အတွက်က ငွေတွင်းကြီးဘဲ” ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ကလည်း မော်လမြိုင်မြို့၊ ရွှေနတ်တောင်ရပ်နေ Thiri Yadanar Mg (Kit Kit) အမည် Facebook Account ပိုင်ရှင်ဖြစ်သူကိုလည်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အကြမ်းဖက်အဖွဲ့အား ထောက်ခံအားပေးသည့် ပို့စ်များတင်ခဲ့သည်ဟုဆိုပြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူမှု ရှိခဲ့သည်ဟု မြို့ခံများက ပြောသည်။

မွန်ပြည်နယ်တွင် လူမှုကွန်ရက်စာမျက်နှာပေါ်၌ စစ်ကောင်စီကို ဝေဖန်ရေးသား ဖြန့်ဝေသူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG, PDF, တော်လှန်ရေးအင်အားစုများကို အားပေးထောက်ခံသည့်စာနှင့် မှတ်ချက်များ ရေးသားဖြန့်ဝေသူများကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးလာနေသည်ဟု မြို့ခံများက ပြောဆိုသည်။

ယင်းကဲ့သို့ ဖမ်းဆီးအရေးယူမှုသည် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး ပိုမိုများလာခဲ့ပြီး ဖမ်းဆီးခံရသူ ရာချီ ရှိနိုင်သည်ဟု လေ့လာစောင့်ကြည့်နေသူတို့ထံမှ သိရသည်။

လွတ်လပ်သည့် သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် Data For Myanmar ၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ဖေဖော်ဝါရီလမှ ၂၀၂၃ စက်တင်ဘာလကုန်အထိ လူမှုကွန်ရက်ပေါ် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် နွေဦးတော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေး ရေးသားမှုနှင့် ပြောဆိုဆက်သွယ်မှုများကြောင့် မွန်ပြည်နယ်တွင် ဖမ်းခံရသူ ၆၁ ဦးအထိ ရှိခဲ့သည်။

IMNA ပေးပို့သည်။