လူမှုကူညီရေးအသင်း လူနာတင်ယာဉ်မောင်း စစ်ကြောရေးတွင်သေဆုံး

By MPM 24 အောက်တိုဘာ, 2023 👁 1

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်၊ သာရဘွင်ကျေးရွာ အခြေစိုက်၊ ချမ်းမြေ့ပါရမီ ကျန်းမာရေး အထောက်အကူပြုအဖွဲ့မှ လူနာတင်ယာဥ်မောင်းကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် နှစ်ပတ်ကျော် အကြာ၌ စစ်ကြောရေးတွင် သေဆုံးသွားကြောင်း ရွာသားများကပြောသည်။

စစ်ကောင်စီဖမ်းဆီးသွားပြီး စစ်ကြောရေးတွင် သေဆုံးခဲ့သည့် လူမှုကူညီရေးအသင်း၏ အဆိုပါ လူနာတင်ယာဥ်မောင်းမှာ အောက်တိုဘာလ တတိယပတ်ထဲတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ဆွေမျိုးတော်စပ်သူတစ်ဦးက “ကျန်းမာရေး ကောင်းနေတဲ့သူပါ၊ လူမဆန်အောင် နှိပ်စက်ခံရတာကြောင့် ဆုံးသွားတာ။ အမေလုပ်သူကလည်း ကျန်းမာရေး သိပ်မကောင်းတော့ ဝိုင်းပြီး စိတ်ပူနေကြရတယ်” ဟု ပြော သည်။

စက်တင်ဘာလ ၃၀ ရက်နေ့က မြိတ်မြို့သို့ လူနာသွားပို့ပြီး ပြန်လာသည့် လူမှုကူညီရေးအသင်း လူနာတင် ယာဥ်မောင်း အသက် ၂၈ နှစ်အရွယ် ကိုအောင်ကျော်နိုင်ကို ဇဝဲကျေးရွာလမ်းဆုံရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ ဖမ်းဆီးခဲ့ပြီးနောက် လူနာတင်ယာဉ်နှင့် အတူ အောက်ကင်းကျေးရွာ အခြေစိုက် ခမရ – ၅၅၇ တပ်ရင်းတွင် ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူက ပြောသည်။

ထိုသို့ ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ကိုအောင်ကျော်နိုင် သေဆုံးသွားကြောင်းနှင့် အလောင်းကို လာထုတ်ယူရန်ဟုဆိုကာ အောက်တိုဘာလ ၁၈ ရက်နေ့၊ နံနက်ပိုင်းက မိသားစုဝင်များထံ ဖုန်းဆက် အကြောင်းကြား ခဲ့သည်ဟု ဆွေမျိုးတော်စပ်သူက ဆက်ပြောသည်။

စစ်ကောင်စီမှ ထိုသို့ အကြောင်းကြားခဲ့ပြီး အောက်တိုဘာလ ၁၉ ရက်နေ့တွင် မိသားစုဝင်များက တနင်္သာရီမြို့နယ် ဆေးရုံကြီးရင်ခွဲရုံ၌ အလောင်းကို သွားရောက်ကြည့်ရှုကာ နာရေးကို တခါတည်း ပြုလုပ်ခဲ့ရခြင်း ဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူများက ပြောဆိုသည်။

သေဆုံးသွားသူ ကိုအောင်ကျော်နိုင်သည် မိခင်၊ အကိုနှင့် ညီဖြစ်သူ ၈ တန်းကျောင်းသားတို့ကို လုပ်ကိုင်ကျွေးမွေးနေသူတစ်ဦးဖြစ်ပြီး သာရေးနာရေး လူမှုရေးကိစ္စများတွင် ရပ်ရွာမှအားကိုးရသည့် လူငယ်တစ်ဦးလည်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

NMG ပေးပို့သည်။