လုံရှာယန်ကျေးရွာတွင် တိုက်ပွဲဖြစ်လာနိုင်သည့် သတင်းကြောင့် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေ

By MPM 10 မတ်, 2025 👁 2

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ လုံရှာယာန်ကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားလာနိုင်သည်ဆိုသောသတင်းများ ထွက်ပေါ်လာပြီးနောက် ကျေးရွာနေပြည်သူတချို့ ကြိုတင်တိမ်းရှောင်နေကြသည်ဟု လုံရှာယန်ဒေသခံများ ပြောဆိုမှုအရ သိရသည်။

စစ်ကောင်စီတပ်သားအင်အား အလုံးအရင်းနှင့်တပ်စွဲထားသည့် လုံရှာယာန်ကျေးရွာကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ကာကွယ်ရေးပူးပေါင်းတပ်တို့က တိုက်ခိုက်လာနိုင်သည်ဆိုသောသတင်းမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး ဒေသခံများကြားပျံ့နှံ့နေသည်ဟု ဆိုသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားလာနိုင်သည့်သတင်းကြောင့် ဒေသခံတချို့သည် လုံရှာယာန်ကနေ ပူတာအိုမြို့ဘက်ကို ကြိုတင်တိမ်းရှောင်ကြခြင်းဖြစ်သည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က ပူတာအိုမြို့ပေါ်ကို တိမ်းရှောင် ရောက်ရှိလာသည့် လုံရှာယန်ဒေသခံ အမျိုးသားတစ်ဦးက ယခုလို ပြောဆိုသည်။

“ဒီတခေါက်က သေချာမယ်ထင်တယ်၊ လုံရှာယန်တိုက်မယ်ဆိုတာတော့ ကြားနေရတာကြာပြီ။ ဒါပေမယ့် ကလေးတွေ စာမေးပွဲမပြီးသေးလို့မတိုက်သေးတာ။ ကလေးတွေစာမေးပွဲပြီးရင်တော့ တိုက်မယ်ဆိုပြီး သတင်းထွက်နေတော့ အခုစာမေးပွဲပြီးကြပြီလေ။ ဟုတ်ဟုတ်မဟုတ်ဟုတ် ကြိုတင်တိမ်းရှောင်တာ ကောင်းတယ်ဆိုပြီး မြို့ပေါ်ကိုရောက်လာတာ မိသားစုလိုက်ပဲ” အဆိုပါဒေသခံအမျိုးသားက ပြောသည်။

ဒေသခံတို့ပြောပြချက်အရ လက်ရှိ၌ အခြေခံစာသင်ကျောင်းစာမေးပွဲ ပြီးဆုံးသွားပြီဖြစ်တာကြောင့် ပူတာအိုဘက်ကို တိမ်းရှောင်သူ တနေ့တခြားပိုများလာနေသည်ဟု လုံရှာယာန်ဒေသခံတို့က ဆိုသည်။

“ပြီးခဲ့တဲ့အပတ်ကတည်းက ထွက်သွားကြတဲ့လူလည်းရှိတယ်။ ဒီပတ်ထဲမှာတော့ နည်းနည်းများလာတယ် ပြောရမယ်။ ပူတာအို၊ မူလာရှီးဒီဘက် အမျိုးတွေရှိတဲ့သူတွေ ကြိုတင်တိမ်းရှောင်ကြတာများတယ် တချို့လည်း အဆင်သင့်စောင့်နေကြတာ ရှိတယ်။ ဖြစ်လာရင်ပြေးအဆင့်ပေါ့” ဟု လုံရှာယာန်ဒေသခံ နောက်ထပ် အမျိုးသမီးတစ်ဦးက ပြောပါသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က စ၍ မတ်လ ၉ ရက်နေ့အထိ ပူတာအိုမြို့ပေါ်နှင့် မူလာရှီးဒီးဘက်ကို တိမ်းရှောင်လာသူ အိမ်ထောင်စု ၂၀ ထက်မနည်းရှိသည့်အပြင် တိမ်းရှောင်ရန် အဆင်သင့်ထုပ်ပိုးပြင်ဆင်ထားသူများလည်းရှိသည်ဟု သိရသည်။

စစ်ကောင်စီတပ်က လုံရှာယာန်ကျေးရွာထဲတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကစ၍ အင်အား ၅၀ ခန့် တပ်စွဲနေထိုင်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလစတင်ကာ စစ်ရေးလှုပ်ရှားမှု ပိုမိုလုပ်ဆောင်လာသည့်အပြင် စစ်အင်အားလည်း တဖြေးဖြေး ဖြည့်တင်းလာနေတာကြောင့် လက်ရှိ၌ စစ်အင်အား ၁၅၀ ခန့် ရှိနိုင်တယ်လို့ ဒေသခံတို့က ပြောသည်။

ယင်းအပြင် လုံရှာယာန်ကျေးရွာထဲ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားတချို့သည် အရပ်သားနေအိမ်များတွင် တပ်စွဲနေထိုင်ကြပြီး ရွာအဝင်အထွက်၌ဂိတ်ထိုင်ပြီး စစ်ဆေးတင်းကြပ်မှုတို့ လုပ်ဆောင်နေသည်ဟု ဆိုသည်။

လုံရှာယာန်ကျေးရွာသည် ဆွမ်ပရာဘွမ်မြို့နှင့် ပူတာအိုမြို့ကြားရှိ မြစ်ကြီးနား – ပူတာအိုလမ်းပိုင်း ပူတာအိုမြို့ အခြေစိုက် ခ.လ.ရ ၄၆ စစ်ကောင်စီတပ် လုံခြုံရေးအတွက် မူလာရှီးဒီအထိုင်တပ်ပြီးပါက ဒုတိယမြောက် အရေးပါ သောနေရာလည်းဖြစ်ကြောင်း သိရသည်။

KNG ပေးပို့သည်။