လိုင်လင်းပီမြို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်

By MPM 25 နိုဝင်ဘာ, 2023 👁

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက နို၀င်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းတွင် သိမ်းပိုက်လိုက်ပြီဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောဆိုသည်။

“ကျနော်တို့ ဒီနေ့(နိုဝင်ဘာ ၂၄ ရက်) မှပဲ အပြီးသိမ်းနိုင်ခဲ့တာ ဖြစ်တယ်။ သိမ်းတဲ့အချိန်မှာ တချို့အများစုက ထွက်ပြေးသွားတယ်။ ဘယ်ဘက်ကို ဆုတ်ပြေးသလဲဆိုတာ မသိရသေးဘူး။ အခုက နယ်မြေရှင်းလင်းရေး အမြန်ဆုံး လုပ်နေတယ်။ မြို့သိမ်းတာက အပြီးသိမ်းလိုက်ပြီ။ လိုင်လဲန်းပီမြို့ကို ကျနော်တို့ အပြီးထိန်းချုပ်ထားတဲ့ အောက်မှာ ရှိနေပြီ” ဟု ဆလိုင်းထက်နီက ပြောသည်။

တပ်အင်အား ၃၀ ကျော်ရှိ လိုင်လင်းပီမြို့က စစ်ကောင်စီအထိုင်စခန်းကို နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်ကာ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက စတင်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၄ ရက်မြောက်ဖြစ်တဲ့ နို၀င်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆလိုင်းထက်နီက ပြောသည်။

“ဒီစခန်းကို အပြီးသိမ်းနိုင်ဖို့ဆိုပြီးတော့ လုပ်တဲ့နေရာမှာ လေကြောင်းတိုက်ခိုက်မှုက ကျွန်တော်တို့ကို ဟန့်တား နိုင်တယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့က ၄ ရက်မြောက်မှပဲ ကျွန်တော်တို့ အဲ့ဒီလိုဝင်သိမ်းနိုင်တာ ဖြစ်တယ်ပေါ့။ မြို့သိမ်းတိုက်ပွဲ လုပ်တဲ့နေရာမှာ လေကြောင်းတိုက်ခိုက်မှု အများဆုံးကတော့ ထန်တလန်ပြီးရင်တော့ ဒီလိုင်လင်းပီတိုက်ပွဲ ဖြစ်လိမ့်မယ်” ဟု ဆလိုင်းထက်နီက ဆိုသည်။

လိုင်လင်းပီမြို့ စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးမှုအခြေအနေကို အတိအကျ မသိရသေးကြောင်း၊ အများစုမှာ ထွက်ပြေးသွားကြသည်ဟု ၎င်းက ဆက်ပြောသည်။ ထို့အပြင် စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိသည်ဟု ၎င်း ပြောဆိုသည်။

အဆိုပါ လိုင်လင်းပီမြို့ တပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်အရာရှိတစ်ဦး သေဆုံးကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြု၍ မရသေးပေ။

လိုင်လင်းပီမြို့သည် ချင်းပြည်နယ်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဒုတိယမြောက် သိမ်းပိုက်နိုင်သည့် မြို့ဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်သွားမည်ဟု ဆလိုင်းထက်နီက ပြောသည်။

“ကျွန်တော်တို့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ လက်ရှိ CDF-Mara ကနေ ဦးဆောင်မှုနှင့် အဲ့ဒီမှာ နယ်မြေ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မြို့အုပ်ချုပ်ရေးကို ဒေသခံတွေကိုယ်တိုင် ဦးဆောင်တဲ့ အုပ်ချုပ်ရေးကို ကျွန်တော်တို့က ဖော်ဆောင်ဖို့ ဖြစ်ပါလိမ့်မယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

လိုင်လင်းပီမြို့သည် အိန္ဒိယ-မြန်မာ နယ်စပ်အနီးတွင်တည်ရှိပြီး ချင်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသရှိ ကာကွယ်ရေးတပ်ဖွဲ့များ စစ်ရေးအရ ချိတ်ဆက်ဆောင်ရွက်မှု လုပ်သည့်နေရာတွင် အဓိက အချက်အချာကျသော လမ်းကြောင်းပေါ်တွင် တည်ရှိသောမြို့ ဖြစ်သည်။

လိုင်လင်းပီမြို့သိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် CNA ဦးဆောင်သည့် CDF-Mara၊ CDF -Matupi၊ CDF-Lautu နှင့် CDF -Zophei တို့ စသည့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ပါ၀င်ခဲ့ကြသည်။

KMG ပေးပို့သည်။