သျှမ်းပြည်၊ လားရှိုးမြို့ ပရဟိတအသင်းအဖွဲ့ဝင် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် ၎င်းတို့ကို ရိုက်နှိက်ညှင်းပန်းနှိပ်စက်ခဲ့သဖြင့် တစ်ဦးသေဆုံးသွားကြောင်း ပရဟိတအသင်းများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်တွင် အသက် ၂၄ နှစ်အရွယ်ရှိ ကိုဇော်မျိုးအောင်နှင့် အိုက်လာတို့သည် စစ်ဘေးဒဏ်သင့် ဒုက္ခသည်များအတွက် နေ့စဉ်လိုအပ်သည့် ဆန်၊ ဆီ၊ ဆား ဖြန့်ဝေပေးရန် ထွက်လာစဉ် လားရှိုးမိုးလုံလေလုံလမ်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
၎င်းတို့ကို စစ်ကောင်စီတပ်က တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်များဖြစ်သည်ဟု သံသယရှိကာ စစ်ဆေးမေးမြန်းစဉ်တွင် ပါးစပ်ကိုဓားဖြင့် လှီးဖြတ်ခြင်း၊ ဦးခေါင်းကို သေနတ်ဖြင့် ရိုက်နှိက်ခြင်းခံခဲ့ရကြောင်း လားရှိုးမြို့ ပရဟိတအသင်းများ ပြောဆိုမှုအရ သိရှိရသည်။
ကိုဇော်မျိုးအောင်၏ သူငယ်ချင်း “အိုက်လာ” မှာ စစ်ကောင်စီတပ်၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို မခံနိုင်ဘဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကိုဇော်မျိုးအောင်က အကျဉ်းချခံထားရကြောင်း ၎င်းတို့နှင့်နီးစပ်သူ ပရဟိတအသင်းအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
“စစချင်း သူတို့ဖမ်းခံရတုန်းကတော့ မသိရဘူး။ သိရတာက ၂၇ ရက်တည်းက ပျောက်သွားတာ။ နေ့တိုင်းတော့ ဆက်တိုက် စုံစမ်းနေတာ။ ဒီနေ့မှ သိရတာ၊ ဝမ်းနည်းရတာပေါ့။ မကောင်းတာလုပ်ပြီး ခံရတာ မဟုတ်တာ ပရဟိတ လုပ်ပြီးတော့ ဒီလိုခံရတယ်ဆိုတော့ ဒါမဖြစ်သင့်တဲ့ကိစ္စလေ” ဟု ၎င်းက ပြောသည်။
သေဆုံးသွားသည့် အိုက်လာ (ခ) မောင်မာလှသည် အသက် ၂၇ နှစ်အရွယ် ကချင်တိုင်းရင်းသားတစ်ဦးဖြစ်သည့်အပြင် လားရှိုးမြို့ရှိ ပရဟိတအသင်းအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးအကျဉ်းကျခံရသည့် ကိုဇော်မျိုးအောင်ကို ကိုးကန့်တပ်ဖွဲ့ MNDAA က ကယ်တင်ခဲ့ကြောင်း၊ လားရှိုးမြို့ရှိ စစ်ကောင်စီတပ်၏ အမာခံနယ်မြေကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ဖမ်းဆီးထားသော ကိုဇော်မျိုးအောင်ကို MNDAA တပ်က တွေ့ရှိပြီး ချက်ချင်းကယ်ဆယ်ခဲ့ကြောင်း သိရှိရသည်။
“အခုလို ကျနော်တို့ ပရဟိတအသင်းအဖွဲ့ဝင်နှစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်နှိပ်စက်၊ သတ်ဖြတ်တဲ့အပေါ်မှာ ရှုံ့ချတယ်။ ဒီလုပ်ရပ်ကိုရော ရှုံ့ချတယ်။ တရားသောစစ်ပဲနိုင်ပါစေ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
လက်ရှိ လားရှိုးမြို့ပေါ်တွင် နှစ်ဖက်တိုက်ပွဲများကြား ဒေသခံအရပ်သားများ ထိခိုက်သေဆုံးမှုများရှိနေပြီး မြို့တွင်းတွင် ရုပ်အလောင်းများ မကောက်နိုင်အောင် ရှိနေသည်ဟုလည်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်စပြီး ဇူလိုင် ၃၁ ရက်အထိ သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းအတွင်း အရပ်သားစုစုပေါင်း ၁၃၀ ကျော်သေဆုံးပြီး ၁၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။

