လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်စဉ်က ဖမ်းဆီးရမိသည့် စစ်ကောင်စီအရာရှိကြီးငယ် သုံ့ပန်းများအား ကိုးကန့် MNDAA က ပြန်လည်လွှတ်ပေးနေကြောင်း လားရှိုးဒေသခံတို့ထံမှ စုံစမ်းသိရသည်။
တရုတ်ဖိအားကြောင့် လားရှိုးမြို့ပေါ်မှ တပ်ဆုတ်ပြီး တစ်လမပြည့်မီ သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသည့် စစ်ကောင်စီ သုံ့ပန်းများကို အသုတ်လိုက်ခွဲပြီး ပြန်လွှတ်ပေးနေကြောင်း သံချပ်ကာ တပ်ရင်း၊ ခလရ ၆၈၊ ၄၁ တို့မှ အရာရှိများလည်း ပါဝင်သည်ဟု လားရှိုးဒေသခံတစ်ဦးက ပြောသည်။
“တကယ်တော့ ကိုးကန့်က တော်လှန်ရေးကို ကျောခိုင်းသွားပြီလေ၊ အရင်က တပ်မိသားစုတို့ဘာတို့ လွှတ်ပေးတယ်… လွန်ခဲ့တဲ့ရက်ပိုင်းက ထပ်လွှတ်ပေးသေးတယ်။ ဒီတခေါက်က အရာရှိတွေပါတယ်လို့ သိရတယ်။ ဖမ်းခံရတဲ့ လားရှိုးသံချပ်ကာ တပ်ရင်းမှူး၊ ခလရ၊ ခမရ နဲ့ စရဖက အရာရှိတချို့လွတ်လာတယ်” ဟု အမည်မဖေါ်လိုသည့် လားရှိုးဒေသခံက ပြောသည်။
ထို့ပြင် ကိုးကန့်တပ်က ပြန်လွှတ်ပေးသည့် အရာရှိတချို့သည် တပ်တွင်းသို့ပြန်လာရန် ဆန္ဒမရှိသဖြင့် ရှိရင်းနေရာ တွင်သာ ဆက်ရှိနေကြောင်း ထိုဒေသခံက ဆက်ပြောသည်။
“အဲ့ဒီလွှတ်ပေးတဲ့ စစ်သုံ့ပန်းထဲမှာ ပြန်မလာချင်တဲ့လူတွေလည်းရှိတယ်။ တချို့ ပြန်ချင်တယ်ဟေ့လို့ပြောတဲ့လူတွေကိုလည်း လွှတ်ပေးတယ်… စကစနဲ့ ကိုးကန့်တွေလဲ အတူတူပဲလို့ ပြောလို့ရတယ်” ဟု ၎င်းက ဆက်ပြောသည်။
၁၀၂၇ စစ်ဆင်ရေးကြောင့် လာရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အပါအဝင်၊ အမြောက်တပ်၊ သံချပ်ကာတပ်ရင်း၊ ဝန်တင်တပ်ရင်း၊ ထောက်ပို့တပ်၊ ဆက်သွယ်ရေးတပ်၊ စစ်မြေပြင် ဆေးတပ်ရင်း၊ ခြေမြန်တပ်ရင်း၊ ခြေလျင်တပ်ရင်း၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့၊ ရဲစခန်း အစရှိသည့် ဌာနများမှ ဖမ်းဆီးခံထားရသည့် စစ်ကောင်စီ စစ်သုံ့ပန်းများအား ကိုးကန့်တပ်တို့မှ အသုတ်လိုက်ခွဲပြီး ပြန်လည်လွှတ်ပေးနေခြင်းဖြစ်သည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။