ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ထဲက အီနိုင်းကျေးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၄ ရက်နေ့ နံနက်ပိုင်း၌ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်က အီနိုင်းကျေးရွာထဲကို လေကြောင်းနှင့် ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်မှုတွင် အရပ်သားပြည်သူ ထိမှန်သေဆုံးမှုအပြင် နေအိမ် ၅ ဆောင်ထက်မနည်းလည်း ထိမှန်ပျက်စီးခဲ့သည်။
လားရှိုးဒေသခံအမျိုးသားတစ်ဦးက “သေသွားတာက ၃ ယောက် ရှိတယ်။ ဒဏ်ရာရတာ ၃ ယောက်ပါ၊ ဒဏ်ရာရတဲ့ သူတွေထဲမှာက ကလေးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်လည်း ပါတယ်။ သေသွားတဲ့သူတွေက အမျိုးသားတွေကြီးပါပဲ။ အိမ်ပေါ် ဗုံးကျပေါက်ကွဲပြီး အခုလို သေဆုံးမှုတွေ ဖြစ်ကုန်တာဗျ။ ဖြစ်တာကတော့ ၁၄ ရက်နေ့ပဲ ပြောရမှာပေါ့နော်။ မနက်အစောကြီး ၁၂ နာရီကျော် ၁ နာရီ ကြားမှာဖြစ်တာဗျ” ဟု ပြောသည်။
လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အီနိုင်းကျေးရွာထဲက ခရစ်ယာန်ဘုရားကျောင်းဝန်းထဲရှိ ခန်းမဆောင်နှင့် မူကြိုကျောင်းနေရာတို့၌ပါ ဗုံးကျရောက်ပေါက်ကွဲကာ ပျက်စီးကုန်ပြီဟု ဒေသခံများက ဆိုသည်။
လားရှိုးမြို့ ရပ်မိရပ်ဖတစ်ဦးက “အခုဆို အများကြီးပျက်စီးတဲ့အိမ်တွေ ရှိသလို နည်းနည်းပါးပါး ပျက်စီးတဲ့ အိမ်တွေလည်း အများကြီး အများကြီး ရှိတယ်။ ပြောဖို့တောင် မရှိတော့လောက်အောင်ကို ပျက်စီးတယ်။ စိတ်လည်း မကောင်းဘူး။ ခံစားရတယ်။ ဝမ်းလည်း ဝမ်းနည်းမိတယ်။ အခုလေယာဉ်သံကြားရင်တောင်မှ အိပ်မဖြောင့်ဘူး၊ စားမဝင်ဘူး။ ပြည်သူလူထုတွေက အကုန်လုံးက စိတ်မကောင်းဖြစ်ရတယ်” ဟု ပြောသည်။
အီနိုင်းကျေးရွာအနီးတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့်အပြင် ကျေးရွာထဲသို့လည်း လက်နက်ကြီးများ၊ လေကြောင်းနှင့်ဗုံးကြဲမှုများ မကြာခဏ ပစ်ခတ်ခံနေရသောကြောင့် ရွာသားအများစုမှာ ဘေးလွှတ်ရာသို့ ထွက်ပြေးနေကြသည်။
သို့သော် စစ်ရေးအခြေအနေပေါ် မူတည်၍ ကျေးရွာထဲသို့ ပြန်လာလိုက်၊ တင်းမာမှုများရှိလာပါက ဘေးလွှတ်ရာသို့ ပြောင်းရွှေ့လိုက်ဖြင့် နေနေကြသည်မှာ “၁၀၂၇ စစ်ဆင်ရေး” စတင်ချိန်ကတည်းကဖြစ်သည်ဟု အီနိုင်းကျေးရွာသားများက ပြောဆိုသည်။
လားရှိုးမြို့ခံများအနေဖြင့် အရပ်သားနေထိုင်ရာ ရပ်ရွာများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို စစ်ကောင်စီတပ်က လေကြောင်းသုံး တိုက်ခိုက်နေသည့်အပေါ် ရှုတ်ချနေကြသည်။
လားရှိုးမြို့ ရပ်မိရပ်ဖတစ်ဦးက “လူနေအိမ်တွေကို ဘာမှအပြစ်မရှိတဲ့ ပြည်သူလူထုရဲ့အိမ်တွေကို ဒီလိုမျိုး ဗုံးလိုက်ကြဲတာတော့ လုံးဝမကြိုက်ဘူး။ သဘောလည်း မတူဘူး။ ဒီလိုမျိုး မဖျက်ဆီးသင့်ဘူး။ သူတို့ရဲ့ လုပ်ရပ် တွေကို လုံးဝရှုတ်ချတယ်” ဟု ပြောသည်။
စစ်တပ်က ပေါင်ချိန်များသော ဗုံး ၃ လုံး နှင့် ဗုံးအသေးစား ၄ လုံးကို အီနိုင်းကျေးရွာထဲ ဆက်တိုက်ကြဲချ ခဲ့တာကြောင့် အနီးနားရှိ နေအိမ် ၂၀ ကျော်၊ ဆေးခန်း၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများ အတိုင်းအတာတခုအထိ ထိခိုက်ပျက်စီးခဲ့ရသည့်အပြင် ဒေသခံအရပ်သား ၃ ဦး ပွဲချင်းပြီးသေဆုံး၍ အရပ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရခဲ့သည်ဟု ကိုးကန့်တပ်ဖွဲ့ MNDAA က ထုတ်ပြန်ထားသည်။
NMG ပေးပို့သည်။