ရှမ်းမြောက်ဒေသရှိ၊ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) သိမ်းပိုက်ထားပြီးနောက် ၃ လ နီးပါးအကြာထိ ဒေသခံများ နေရပ်ပြန်လည်ဝင်ရောက်နေထိုင်ရေး အခက်အခဲဖြစ်နေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရေးပဋိပက္ခ နောက်ဆက်တွဲ အခြေအနေကြောင့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်း၊ မြို့တွင်း လုံခြုံမှုမရှိသေးခြင်းတို့ကြောင့် ဒေသခံများ ပြန်လည်ဝင်ရောက်နေထိုင်ရေး ခက်ခဲနေကြခြင်းဖြစ်သည်ဟု လားရှိုးမြို့ခံများက ပြောသည်။
အသက် ၄၆ နှစ်အရွယ် လားရှိုးမြို့ခံအမျိုးသားတစ်ဦးက “သတင်းလုံခြုံရေးကို ထိန်းချုပ်ထားတဲ့နေရာမှာ ချပြသင့်သလောက် မချပြတဲ့အတွက် လူထုတွေဟာ ကိုယ့်အိမ်ကိုယ် ပြန်နေရမလား၊ စကစ ထိန်းချုပ်မှု အောက်မှာပဲ သည်းခံနေရမလားဆိုတာ တွေဝေနေရတယ်” ဟု ပြောသည်။
ထို့အပြင် မြို့တွင်း ပြန်လည်နေထိုင်သူများသည်လည်း အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်း၊ ငွေကြေး အဆင်မပြေခြင်းနှင့် စားဝတ်နေရေး ကျပ်တည်းမှုများကို ရင်ဆိုင်နေရသည်ဟု ဒေသခံများက ပြောသည်။
လားရှိုးမြို့တွင်နေထိုင်နေသူ အမျိုးသမီးတစ်ဦးက “အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတာကြောင့်ရော၊ လေကြောင်း ဗုံးကြဲမှာကြောက်ပြီး နေ့ဆို မြို့ထဲပြန်ဝင် ညဆို တခြားနေရာတွေမှာ သွားရှောင်နေရပါတယ်။ စားသောက်ကုန် ဈေးနှုန်းကလည်း မြင့်တက်နေတုန်းပဲ။ ကန်စွန်းရွက်တစ်စည်း ၅၀၀၊ ဓာတ်ဆီ တစ်လီတာ ၇၅၀၀ ရှိတယ်။ ဆန်တစ်ပြည် ၆၅၀၀၊ ဗမာကြက်က ၃၅,၀၀၀၊ CP ကြက်က ဈေးပိုကြီးတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းရန်အပြင် မြို့တွင်း၌ စစ်ကောင်စီသတင်းပေးများ၊ စစ်သုံ့ပန်းများ ထောင်ဖောက် ထွက်ပြေးမှုများကြောင့် ပြည်သူ့လုံခြုံရေးကိစ္စရပ်တွင် အားနည်းမှုများ ရှိနေသည်ဟု လားရှိုးမြို့ခံများက ဆိုသည်။
“လက်ရှိ မြေပြင်အခြေအနေတွေကို အားမရဘူး။ အားမရဘူးဆိုတာက MNDAA ကို မကြိုက်တာမဟုတ်ဘူး။ စကစ သတင်းပေးတွေ၊ စစ်သုံ့ပန်း ထွက်ပြေးသွားတဲ့ကိစ္စတွေမှာ အရေးယူအပြစ်ပေးတာတွေက ပျော့လွန်းတယ်လို့ ယူဆတယ်” ဟု လားရှိုးမြို့ခံအမျိုးသားက ဆက်ပြောသည်။
လားရှိုးတွင် အောက်တိုဘာ ၉ ရက်နေ့က အကျဉ်းသား ၉၀ ကျော် ထောင်ဖောက်ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။
ထောင်ဖောက်ထွက်ပြေးသွားသည့် အကျဉ်းသား အယောက် ၉၀ အနက် အကျဉ်းသား အယောက် ၄၀ ကျော်သာ ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
ကိုးကန့်တပ်က ဖမ်းဆီးထားသည့် စစ်ကောင်စီ သတင်းပေးဟု ယူဆရသူများ၊ စစ်သုံ့ပန်းများ၊ ခိုးမှု၊ လုယက်မှု၊ မူးယစ်ဆေးဝါးနှင့် အကျဉ်းကျနေသူများ ထွက်ပြေးခဲ့သည်ဟုလည်း ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောဆိုသည်။
ညဘက်အချိန် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လားရှိုးတွင် အရပ်သားသေဆုံးသူ ၁၂ ဦးထိရှိလာခဲ့ပြီး၊ ၅၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့ (Lashio Reconstruction) က ကောက်ယူထားသည့် စာရင်းများအရ သိရသည်။
စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းမှ မကြာခဏ တိုက်ခိုက်နေမှုများကြောင့် လားရှိုးမြို့ ပြန်လည်ထူထောင်ရေးသည် လိုသလောက်ခရီးမပေါက်ဘဲဖြစ်နေသည်ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
“အကြီးမားဆုံးကတော့ လက်ရှိကြုံနေရတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပါပဲ။ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တဲ့ရန်ကလည်း ရှိသေးတော့ လုပ်သလောက် ခရီးမရောက်သလို ဖြစ်နေတာပေါ့နော်။ လေကြောင်းရန်ကို ကာကွယ်ဖို့အတွက် တပ်ဖွဲ့ဝင်တွေဘက်က ကြိုးစားနေကြပါတယ်။ ပြန်လည် ခုခံတားဆီး မှုတွေလည်း လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောသည်။
ကိုးကန့်တပ်ဖွဲ့ MNDAA က လားရှိုးမြို့ကို ဇူလိုင်လ ၃ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ၁ လအကြာ ဩဂုတ်လ ၃ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။ သိမ်းပိုက်ပြီးနောက် မြို့အုပ်ချုပ်ရေးယန္တရားကို အသက်သွင်းကာ မြို့ကို ပြန်လည်ပတ်စေခဲ့ပြီး လားရှိုးမြို့ခံများကို ပြန်လည်ဝင်ရောက်နေထိုင်ရန် MNDAA က ဖိတ်ခေါ်ခဲ့သည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ် အဆောက်အအုံများ၊ ဈေးဆိုင်ခန်းပေါင်း ၅၀ ခန်းကျော်ထက်မနည်းနှင့် ပညာရေး၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့သည်ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေး၏ စာရင်းများတွင် ဖော်ပြထားသည်။
NMG ပေးပို့သည်။