လဝါးကျေးရွာထဲ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရပြီး ထွက်ပြေး

By MPM 1 ဧပြီ, 2025 👁 4

ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုဖြစ်ပွားနေသည့် တနိုင်းသွား လီဒိုလမ်းမပေါ်ရှိ လဝါးကျေးရွာတွင် (Lawa Mare) တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တို့ကို မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက KIA တပ်က သွားရောက်တိုက်ခိုက်ခဲ့သည်ဟု လဝါးဒေသခံတို့က ပြောသည်။

လဝါးဒေသခံတစ်ဦးက “စာသင်ကျောင်းမှာ တစ်ပတ်လောက်တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေကို မနက်ပိုင်း ၇ နာရီလောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အားလုံး ထွက်ပြေးသွားကြပြီ။ ဘယ်ဘက်ထွက်ပြေးသွားတာလဲဆိုတော့ အသေးစိတ်မသိရပါဘူး။ လဝါးကျေးရွာပတ်ပတ်လည် အားလုံးကို KIA နဲ့ PDF တွေက နေရာပြန်ယူလိုက်ပါပြီ” ဟု ပြောသည်။

ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တို့သည် ယင်းသို့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ဖားကန့်လမ်း ကားမိုင်းမြို့ဘက်ကို ထွက်ခွာသွားကြသည်ဟု ဒေသခံတို့က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့က ဖားကန့်သွားလမ်းပိုင်းနှင့် တနိုင်းသွားလမ်းပိုင်းနှစ်ခုစလုံးကို ထိန်းချုပ်ရန်အတွက် လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လဝါးကျေးရွာ အနီးတဝိုက်ရှိ KIA ဂိတ်စခန်းတချို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့က လဝါးကျေးရွာထဲက လူနေအိမ်နှင့် စာသင်ကျောင်းနေရာကို တပ်စွဲထားပြီး တစ်ပတ်ကျော်ခန့်အကြာ နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာမှု ဖြစ်ပွားလာခဲ့သည်။

လက်ရှိတွင်လည်း လဝါးကျေးရွာတွင် နှစ်ဖက်တပ်ကြား စစ်ရေးတင်းမာမှု ဆက်လက်ရှိနေသေးသည့်အတွက် ဒေသခံအားလုံးနီးပါးသည် မိုးကောင်း၊ နမ္မတီးမြို့များသို့ တိမ်းရှောင်နေကြဆဲဖြစ်သည်။

လဝါးကျေးရွာသည် မြစ်ကြီးနား – နမ္မတီး ကားလမ်းမကြီးအတိုင်းတက်လာသည့် ဖားကန့် – တနိုင်းသွားသည့် လမ်းဆုံနှစ်ခုကြား တည်ရှိသည့်ကျေးရွာတစ်ခုဖြစ်ပြီး ယာဉ်ရပ်နားစခန်းနေရာတစ်ခုလည်း ဖြစ်သည်။

KNG ပေးပို့သည်။