ရှားတောတွင် စစ်ရှောင်နေသည့် ကိုယ်ဝန်သည်တစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးနှင့် ကလေးငယ် ၃ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

By MPM 8 ဖေ‌ဖော်ဝါရီ, 2024 👁

ကရင်နီ (ကယား) ပြည် ရှားတောမြို့နယ်အတွင်းက စစ်ဘေးရှောင်နေကြသည့် ကိုယ်ဝန်သည်တစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦး၊ ကလေးငယ် ၃ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ထိုအခင်းဖြစ်ရပ်ကို မျက်မြင်ကြုံခဲ့ရသူများက ပြောသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းမှာ စစ်ဘေးရှောင်နေကြသည့် အရပ်သားများရှိရာအနီးကို ရောက်ရှိလာပြီး အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦးနှင့် ကလေးငယ်အပါအဝင် ၇ ဦးကို တွေ့ရာတွင် ဓားစာခံအဖြစ်ဖမ်းဆီးခေါ်သွားခဲ့ရာမှ ပစ်သတ်ခံရတာလို့ ဖမ်းဆီးခံရသူတွေထဲက ထွက်ပြေးလွတ်မြောက်လာသူ အမျိုးသားက ပြောဆိုသည်။

“သူတို့လည်း ကျနော်နဲ့အတူ အဖမ်းခံရတာ။ သူတို့ကိုတော့ သီးသန့်ခေါ်သွားတာ။ အဲ့ဒီအမျိုးသမီးတစ်ယောက်က ကိုယ်ဝန်နဲ့ပေါ့နော်။ ပြီးရင် သူ့ကလေးတွေနဲ့ပေါ့နော်။ ပြီးရင် ကျနော်အစ်မအကြီးဆုံးတစ်ယောက်ရဲ့ ယောက်ခမနဲ့ သူမြေးတွေလည်း ပါတယ်။ ကျနော်ပါဆို ၇ ယောက် အဖမ်းခံရတယ်။ ကျနော်တော့ ပြန်ပြေးလွတ်လာပြီပေါ့နော်။ ၆ ယောက် သေသွားတယ်ပေ့ါနော်” လို့ ထွက်ပြေးလွတ်မြောက်လာသူက ရှင်းပြပြောပါသည်။

အမျိုးသမီးများနှင့် ကလေးငယ်များအပါဝင် ၇ ဦး အသတ်ခံခဲ့ရသည့် အခင်းဖြစ်ရပ်နေရာကို ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက် ၉ နာရီကျော်တွင် သတင်းယူရောက်ရှိခဲ့သည့် မြေပြင်သတင်းထောက်က မြင်တွေ့ခဲ့ရသည်များကို အခုလို ပြောပါသည်။

“ကလေးက ၃ ယောက် ပါတယ်ပေါ့နော။ ငါးနှစ်အောက် ကလေးလေးတွေ ပြီးတော့မှ လူကြီး ၃ ယောက်၊ ကျနော်တို့ရောက်သွားတဲ့အချိန်မှာတော့ ကလေးတစ်ယောက်က အသက်ရှင်နေသေးတယ်။ ဒါပေမယ့် သူ့ရဲ့ နောက်ကျောမှာက ကျည်ဆံကတော်တော်ထိထားတာ တော်တော်ကြီးတယ်။ ဆေးမှူးက သူ့ကိုကယ်ဖို့ လုပ်သေးတယ်။ ဒါပေမယ့် သူ့ရဲ့ဒဏ်ရာက တအားကြီးတော့ ကလေးရဲ့အားနဲ့က အဆင်မပြေနိုင်တော့ဘူး။ အသက်ထွက်သွားတယ်” လို့ မြေပြင်သတင်းထောက်က မြင်တွေ့ခဲ့သည်များကို ပြောဆိုသည်။

စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးခေါ်ဆောင်သွားသည့်လမ်းတွင် အတူဖမ်းခံရသူများထဲမှ အမျိုးသားနှင့် အမျိုးသမီးများ၊ ကလေးငယ်တွေဟာ ဖေဖော်ဝါရီ ၅ ရက်နေ့ မနက်ပိုင်းမှာ လူစုကွဲသွားခဲ့ပြီး အမျိုးသားတစ်ဦးတည်း ထွက်ပြေးလွတ်မြောက်လာခဲ့တာ ဖြစ်တယ်လို့ လွတ်မြောက်လာသည့်အမျိုးသားနှင့် နီးစပ်သူ ရှားတောဒေသခံက ပြောပါသည်။

ကျန်ခဲ့သူများကိုတော့ စစ်ကောင်စီတပ် ၂၄၉ တပ်ရင်းမှ တပ်ရင်းမှူးဖြစ်သူရဲ့ အမိန့်ပေးမှုကြောင့် ပစ်သတ်လိုက်တာ ဖြစ်တယ်လို့ လွတ်မြောက်လာသူအမျိုးသား၏ ပြန်ပြောပြသည်များကို အဆိုပါ ရှားတောဒေသခံက အခုလို ပြောပြသည်။

“ရွာသား ၇ ယောက်ကို ဖမ်းဆီးသွားတယ်။ တစ်ယောက်ကျတော့ နောက်ပြန်ကြိုးတုတ်ထားပြီး ထွက်ပြေး လွတ်မြောက်လာတယ်။ ကလေး ၃ ယောက်၊ မိန်းကလေး ၃ ယောက် အားလုံးကို ၂၄၉ ရဲ့ တပ်ရင်းမှူး အားလုံးကို ပစ်သတ်ခိုင်းတယ်” ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်၏ ပစ်သတ်မှုခံခဲ့ရတဲ့သူများမှာ ရှားတောမြို့နယ်အတွင်း နေထိုင်သူများဖြစ်ကြပြီး သားအမိဖြစ်သူနှစ်တွဲနှင့် မြေးအဖွားတစ်တွဲဖြစ်ကြပြီး မိခင်ဗိုက်ထဲရှိနေဆဲ ကလေးအပါအဝင် ၇ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။