ရှမ်း-ကရင်နီနယ်စပ် စစ်ရှောင်စခန်းတစ်နေရာတွင် သက်ကြီးရွယ်အို နှစ်ဦးနှင့် ၇ နှစ်တန်းကျောင်းသားတစ်ဦးအား စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့

By MPM 14 မတ်, 2023 👁

ရှမ်း-ကရင်နီနယ်စပ် စစ်ရှောင်စခန်းတစ်နေရာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကနေပြီး အသက် ၈၁ နှစ်နဲ့ ၇၈ နှစ်အရွယ် အဖိုး၊ အဖွား ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သလို ၇ တန်းကျောင်းသားတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၂) က ဒီကနေ့ မတ်လ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

“ပြည်သူတွေကိုကျတော့ လူသားဒိုင်းလုပ်တယ်။ ပြည်သူ အဖိုး ၊ အဖွား နှစ်ယောက်ကိုလည်း မီးရှို့သတ်လိုက်တယ်လေ။ ကလေးလေး ကျောင်းသားအရွယ်ပေါ့ သူတို့ သတ်တယ်လေ။ နောက် ထိခိုက်မှုလည်း နှစ်ဦးနှစ်ဖက်များတယ်“ လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၂) တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အသက် (၇၈) နှစ်အရွယ် အဖိုး ဦးလှငြိမ်း၊ အသက် (၈၁) နှစ်အရွယ် အဖွားဒေါ်မူလူးနဲ့ ၇ တန်းကျောင်းသားတစ်ဦးဖြစ်သူ အသက် (၁၅) နှစ်အရွယ် မောင်ကျော်ဟူးတို့ဟာ စစ်ကောင်စီရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

မတ်လ ၁၂ ရက်နေ့မှာ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲအရှေ့ဘက်ကမ်းရှိတောင်ပေါ် စစ်ဘေးရှောင်တစ်နေရာမှာ စစ်ကြောင်းထိုးလာတဲ့ တပ်မ ၆၆ ကနေပြီး သက်ကြီးရွယ်အိုနဲ့ ကလေးအချို့ကိုဖမ်းဆီးတာတွေ ရှိပြီး လူသားဒိုင်းအဖြစ်အသုံးပြုတာတွေ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးထားတဲ့ စစ်ရှောင်ပြည်သူတွေထဲက ၃ ဦး သတ်ဖြတ်ခြင်းခံခဲ့ရပြီး စစ်ရှောင်တချို့ ပြန်လွှတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာဆိုရင်လည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီကနေပြီး ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာတွေလည်း ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

မတ်လ ၁၂ ရက်နေ့မှာပဲ စစ်ရှောင်တွေကို ကယ်ဆယ်ဖို့အတွက် ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ ညနေပိုင်း ၃ နာရီအချိန်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဖယ်ခုံအခြေစိုက်တပ်ရင်းနဲ့ ၄၂၂ တပ်ကနေ လက်နက်ကြီးပစ်ကူမြောက်များစွာအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ညနေ ၅ နာရီခွဲအချိန်မှာတော့ စစ်ကောင်စီဖက် တိုက်လေယာဉ် နှစ်စီးနဲ့ ၃ ကြိမ်ခန့် လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲအတွင်းမှာစစ်ကောင်စီဖက် တပ်ကြပ်ကြီးနဲ့ ဒု-တပ်ကြပ်အပါအဝင် ထိခိုက်သေဆုံးမှုများပြီး စစ်ကောင်စီ အလောင်း ၄ လောင်းနဲ့ စစ်အသုံးအဆောင်တချို့သိမ်းဆည်းမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်သားသေဆုံးတဲ့အရေအတွက်ကို အတည်ပြုဖို့ ကြိုးစားနေဆဲလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ရှောင်ကိုကယ်ထုတ်ဖို့ ကြိုးစားရင်း ပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ ဖယ်ခုံPDFတပ်ရင်း (၂) က ရဲဘော်တစ်ဦးနဲ့ KNDF တပ်ရင်း ၃ က ရဲဘော် ၂ ဦး ကျဆုံးပြီး ပူးပေါင်းတပ်ဖွဲ့ဖက် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။