ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်တချို့တွင် ဗုံးပေါက်ကွဲမှုများ၊ လေယာဉ်ဖြင့် ဗုံးကြဲမှု ဖြစ်ပွားခဲ့ပြီး လူထိခိုက် သေဆုံးမှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဩဂုတ်လ ပထမပတ်ထဲတွင် ကျောက်မဲမြို့နယ်နှင့် လားရှိုးမြို့နယ်ထဲတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ဒုတိယပတ်ထဲတွင် စစ်ကောင်စီက လားရှိုးမြို့နယ်ထဲ၌ လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။
လားရှိုးဒေသခံတစ်ဦးက “ဒီလ ၉ ရက်နေ့က စစ်တပ်ဘက်က လေယာဉ်လာဗုံးကြဲသွားတာပါ။ မိုင်းယော်ဘက်၊ နမ့်လောင်းရွာနားမှာ စစ်တပ်နဲ့ ပလောင်တပ်နဲ့ တိုက်ပွဲ ဖြစ်တယ်လို့ ပြောတယ်။ အဲ့ဒီနားတဝိုက်ကို လာကြဲသွား တာပါ။ အခြေအနေအသေးစိတ်တော့ မသိရဘူးဗျ” ဟု ပြောသည်။
ရှမ်းမြောက်ဒေသ၊ လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်ထဲ စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ အကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု PSLF/TNLA ၏ သတင်းနှင့် ပြန်ကြားရေးဌာနက ဩဂုတ် ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန် ခဲ့သည်။
လားရှိုး၊ မိုင်းယော်တိုက်နယ်၊ နမ့်လောင်းကျေးရွာအနီးရှိ TNLA ၏ တပ်စခန်းကို စစ်ကောင်စီ လက်အောက်ခံ ခမရ ၁၆၊ ခမရ ၆၈ က လာရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက MI-35 လေယာဉ်နှင့် ပစ်ခတ်တိုက်ခဲ့ရာမှ တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု TNLA က ဆိုသည်။
ထို့အပြင် ဩဂုတ်လ ၆ ရက်နေ့ တရက်တည်းမှာပင် ရှမ်းမြောက်ရှိ လားရှိုးနှင့် ကျောက်မဲမြို့တို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဩဂုတ်လ ၆ ရက်နေ့၊ နံနက်ပိုင်း ၁၁ နာရီခွဲခန့်တွင် ကျောက်မဲမြို့နယ် ရပ်ကွက် (၁) ရှိ အုပ်ချုပ်ရေးမှုးရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စည်ပင်အရာရှိ တစ်ဦးနှင့် လျှပ်စစ်အရာရှိ တစ်ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“သူ့ဖြစ်စဉ်က နေ့လည် ၁၁ နာရီခွဲလောက်ကပေါ့။ အဲ့မှာ မြင်တဲ့လူတွေပြောတာတော့ ကားနဲ့လာတယ်တဲ့။ ကားနဲ့ လာပြီးမှ ဗုံးကို ပစ်လိုက်တယ်။ ပစ်ပြီးမှပဲ သေနတ်နဲ့ ပစ်လိုက်တယ်။ သေနတ်လည်း ပါတယ်။ ၁ ရပ်ကွက် ရုံးမှာ မြို့တော်ခန်းမ အနောက်ဘက်ကျမှာ၊ သေတာတော့ နှစ်ယောက်သေတယ်။ ဒဏ်ရာရတာကတော့ ၅ ယောက် လောက်ရတယ်။ သေတာ စည်ပင်က ဦးစီးမှူးနဲ့ EPC က အရာရှိတစ်ယောက်ပေါ့။ EPC ကျတော့ နမ္မတူကလို့ ပြောတယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။
စည်ပင်ရုံးနားရှိ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည် သောက်နေကြချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ များခဲ့ခြင်း ဖြစ်ကြောင်းနှင့် ထိုသို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် သေနတ်ပစ်ခတ်သံများ လည်း ကြားခဲ့ရသည်ဟု အနီးအနားရှိ ဒေသခံများက ပြောသည်။
ကျောက်မဲမြို့နယ်အတွင်း ဗုံးပေါက်ကွဲခဲ့ပြီးနောက် စစ်ကောင်စီတပ်များက မြို့အဝင်အထွက်ကို ပိတ်ထားပြီး စစ်ဆေးမှု ပြုလုပ်ခဲ့သလို ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ရပ်ကွက် ၁ ထဲက နေအိမ်တချို့ကို ဝင်ရောက် စစ်ဆေးမှုများ လုပ်ခဲ့သည်ဟု မြို့ခံများက ဆိုသည်။
အလားတူ ဩဂုတ်လ ၆ ရက်နေ့ တရက်တည်းမှာပင် ထိုနေ့ နံနက်ပိုင်း ၁၀ နာရီခွဲခန့်တွင် လားရှိုးမြို့ရှိ သိန်းထိုက်ရုပ်ရှင်ရုံ ဆိုင်ကယ်ရပ်နားရသည့် နေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်အစီးရေ ၂၀ ဝန်းကျင်ခန့် ပျက်စီးသွားခဲ့သည်ဟု မြို့ခံများက ပြောသည်။
လားရှိုးမြို့ခံတစ်ဦးက “သိန်းထိုက် ရုပ်ရှင်ရုံမှာ မနေ့က ၁၀ နာရီခွဲ ပွဲပြတယ်။ အဲ့ချိန်ကျတော့ ရုပ်ရှင်လာကြည့်တဲ့ လူတွေရဲ့ ဆိုင်ကယ်စတန်းမှာ ကွဲတာလို့ ကြားတာပဲ။ လူထိခိုက်တာတော့ မရှိဘူးပေါ့။ ဆိုင်ကယ်တွေတော့ ပျက်စီးသွားတယ်ပေါ့။ သူတို့ ပြောတဲ့ပုံစံဆိုရင်တော့ ၂၀ ဝန်းကျင်လောက်တော့ ပျက်စီးတယ်။ ညပိုင်းမှာ ထပ်ပေါက်တယ်လို့လည်း ကြားတယ်။ အခုချိန်ထိ ဘယ်နေရာမှန်း ဘယ်သူမှ မသိကြသေးဘူး” ဟု ပြောသည်။
အလားတူ ဇူလိုင်လ ၁၅ ရက်နေ့ကလည်း လားရှိုးမြို့၊ မြို့မစျေးထဲက ဇွဲထက်ရွှေဆိုင်တွင် ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ဝန်းထမ်း ၁ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ရှမ်းမြောက်ဒေသတွင် မကြာခဏဖြစ်ပွားနေသည့် ဗုံးပေါက်ကွဲမှုများကြောင့် ဒေသခံလူထုက လုံခြုံရေးအတွက် စိုးရိမ်နေကြသည့်အပြင် စစ်တပ်၏ ဖမ်းဆီးစစ်ဆေးမှုများဖြင့် မတရားစွပ်စွဲ ဖမ်းဆီးခံရမှာကို စိုးရိမ်နေကြရသည် ဟု ဒေသခံများက ပြောဆိုသည်။
NMG ပေးပို့သည်။