ရှမ်းနီတပ်မတော် SNA ထိန်းချုပ်နယ်မြေအတွင်း မိခင်နှင့်ကလေးကာကွယ်ဆေးများထိုးနှံပေး

By MPM 30 စက်တင်ဘာ, 2024 👁 2

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်အနောက်ပိုင်းဒေသရှိ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ထိန်းချုပ်ဒေသရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအတွက် ကာကွယ်ဆေးများကို စက်တင်ဘာ ၃၀ ရက်နေ့ကစပြီး ကာကွယ်ဆေးထိုးနှံပေးနေကြောင်း သိရသည်။

ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကာကွယ်ဆေးများထိုးနှံပေးရာမှာ ဆုံဆို့နာ၊ ကြက်ညာ၊ အဆုတ် တီဘီ၊ ကျောက်ရောဂါ၊ ပိုလီယိုနှင့် ပန်းနာရင်ကြပ် စသည့် ရောဂါကာကွယ်ဆေးများကို စက်တင်ဘာ ၃၀ ရက်နေ့မှ အောက်တိုဘာ ၁၀ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း SNA ၏ ကျန်းမာရေးမှူးက ပြောသည်။

“ဆုံဆို့နာ၊ ကြက်ညာ၊ အဆုတ်တီဘီ၊ ကျောက်ရောဂါ၊ ပိုလီယို၊ ပန်းနာရင်ကြပ်ခြောက်မျိုး၊ ၁ နှစ်ကနေ ၅ နှစ်ရယ်၊ ကိုယ်ဝန်ဆောင်တွေရယ် သုံးရက်ထိုးမယ်။ ဟုတ်ကဲ့ ကလေးကာကွယ်ဆေးက သုံးရက်ထိုးပေးမယ်ဗျ။ ဗန်းမောက်အနောက်ခြမ်း အရှေ့ကုန်းကျေးရွာဓမ္မာရုံမှာ” ဟု SNA ၏ ကျန်းမာရေးမှူးက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကာကွယ်ဆေးများထိုးနှံနိုင်ရန် ကူညီမှုများရှိခဲ့ပြီး SNA ထိန်းချုပ်ရာဒေသတွင် ယခုလို ကာကွယ်ဆေးထိုးနှံပေးခြင်းသည် ဒုတိယအကြိမ်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းတွင်လည်း ကာကွယ်ဆေးများကို ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ပထမဆုံးအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ လူဦးရေ ၆၀၀ ဝန်းကျင် ထိုးနှံခဲ့ကြောင်း သိရသည်။

ယခုတကြိမ်ကာကွယ်ဆေးထိုးနှံပေးမှုကို ဗန်းမောက်မြို့နယ် အနောက်ပိုင်းဒေသရှိ အရှေ့ကုန်းကျေးရွာဓမ္မာရုံတွင် ထိုးနှံပေးသွားမည်ဖြစ်ပြီး အနောက်ပိုင်းဒေသရှိ မံစီဒေသစိတ်က ကျေးရွာ ၃၁ ရွာ၊ မံအင်ဒေသစိတ်အတွင်းက ကျေးရွာ ၁၁ ရွာက ကလေးနှင့် မိခင်များကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဗန်းမောက်မြို့နယ်အတွင်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်း မငြိမ်သက်မှုတွေကြောင့် ကလေးငယ်များ ကာကွယ်ဆေးထိုးနှံခြင်းအပါအဝင် ဆေးဝါးသယ်ယူပို့ဆောင်ရန်နှင့် ဆေးထိုးနှံမှုများကို မလုပ်ဆောင်ခဲ့ရကြောင်း ဒေသခံများကသည်။

ကာကွယ်ဆေးထိုးနှံရန်အတွက် ဗန်းမောက်ဒေသခံများသည် မြို့နယ်ပတ်ဝန်းကျင်က အင်းတော်မြို့နယ်၊ ကသာမြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့က မြို့နယ်ကျန်းမာရေးဌာနထံသို့ ကလေးကာကွယ်ဆေး သွားရောက်ထိုးနှံခဲ့ကြရသော်လည်း လမ်းခရီးအခြေအနေကြောင့် အများစုသည် ကာကွယ်ဆေး ထိုးနှံနိုင်ခဲ့ခြင်းမရှိကြပေ။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း၌ လူမှုအရေးအဖွဲ့အစည်းများ၏ တောင်းဆိုမှုတွေကြောင့် SNA က ဆေးသယ်ယူမှုအပိုင်းတွင် တာဝန်ယူပေးခဲ့ကာ မိခင်နှင့်ကလေးငယ် တစ်ထောင်ကျော်သာ ထိုးနှံခွင့်ရခဲ့ကြသည်။

ရှမ်းနီအသံ ပေးပို့သည်။