ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ ၉ အဖြစ် ရှမ်းတောင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ပူးပေါင်းလိုက်ပြီးနောက်ပိုင်း ရှမ်းပြည်တောင်ပိုင်းဒေသတွင် စစ်ရေးဖော်ဆောင်မှုကို အဓိက လုပ်ဆောင်သွားမယ်ဟု KNDF ဗျူဟာ (၉) ၏ စစ်နည်းဗျူဟာမှူးကိုဖိုးခွားက ပြောသည်။
ရှမ်းတောင်အခြေစိုက်တပ်များဖြစ်သည့် ရှမ်းပြည်တောင်ပိုင်း၊ ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU ၊ ရှမ်းတောင်ဒေသခံကာကွယ်ရေးတပ် အမှတ် ၁၀၀၅ ၊ အမှတ် ၁၀၀၈ ၊ SODF တို့က ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF အမည်နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် (၉) တွင် ပူးပေါင်းပါဝင်လာခြင်း ဖြစ်သည်။
ဗျူဟာအမှတ် (၉) စစ်နည်းဗျူဟာမှူး ကိုဖိုးခွားက “ရှမ်းတောင်တပ်ဖွဲ့တွေအတွက် ရှမ်းတောင်နယ်မြေတွေကို လိုအပ်တော့ ရှမ်းတောင်ထိ စစ်ရေးထိုးဖောက်ဖို့ လိုအပ်တယ်။ ပြီးတော့ ရှမ်းတောင်စစ်ရေးဖော်ဆောင်နိုင်တာနဲ့အမျှ ကရင်နီအတွက် နယ်မြေအရစစ်ရေးမှာ အများကြီးထိရောက်တဲ့ အကျိုးသက်ရောက်မှုတွေရှိနိုင်ပါတယ်” ဟု ပြောသည်။
လက်ရှိ၌ ရှမ်းတောင်ဒေသတွင် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ ကြီးကြီးမားမား ဖြစ်ပွားခြင်းမရှိပေမယ့် ဗျူဟာအမှတ် ၉ အနေနှင့် ကရင်နီနယ်မြေအတွင်းက တိုက်ပွဲများတွင် ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်နေခြင်းရှိသည်ဟု ကိုဖိုးခွားက ပြောဆိုသည်။
ဧပြီလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်တွင် ပူးပေါင်းပါဝင်လာသည့် SSNDF တပ်ဖွဲ့သည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၏ စစ်ရေးအမိန့်အောက်တွင် ဆက်လက်တိုက်ပွဲဝင်မယ်ဟုလည်း ဆိုထားသည်။
“KNDF COC အောက်မှာ လုပ်ဆောင်သွားမယ်လို့ ကျနော်တို့ကြေငြာထားတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ KNDF နဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု ကိုဖိုးခွားက ဆက်ပြောသည်။
ပြောင်းလဲဖွဲ့စည်းထားသည့် SSNDF/KNDF ဗျူဟာအမှတ် (၉) ၏ စစ်သင်တန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ဧပြီလ ၁၇ ရက်နေ့၌ သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။
ယခုလို ပူးပေါင်းဖွဲ့စည်းလိုက်ခြင်းက ရှမ်းတောင်ဒေသအတွင်း အခြေခံနယ်မြေများ တည်ဆောက်လိုသည့် ရည်ရွယ်ချက်လည်း ပါရှိတာကြောင့် ရှေ့လုပ်ငန်းစဥ်အနေနှင့် နောက်ထပ်ပေါင်းစည်းမှုတို့ကို ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဟု KNDF ဗျူဟာ အမှတ် (၉) စစ်နည်းဗျူဟာမှူး ကိုဖိုးခွားက ပြောဆိုခဲ့သည်။
ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။