ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ့်ဟူးဒေသ၊ ပေါ်မူကျေးရွာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA) မှ တပ်သားသစ်စုဆောင်းနေသည်ဟု ကျေးရွာနေပြည်သူများ က ပြောသည်။
တောင်ကြီးမြို့မြောက်ဘက် ၁၁ မိုင်ကျော်တွင် တည်ရှိသည့် ပေါ်မူကျေးရွာအုပ်စုတွင် အသက် ၂၀ မှ ၃၀ နှစ် အတွင်း အမျိုးသားအယောက် ၃၀ အား PNA တပ်သို့ ဝင်ရမည်ဟုဆို၍ စုဆောင်းနေခြင်း ဖြစ်သည်။
ကျေးရွာနေ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက “ဘယ်ရက်နောက်ဆုံးလဲတော့ မသိဘူး။ သူတို့ ပြန်လာရင် အဆင့်သင့် ဖြစ်ရမယ်လို့ ပြောထားတယ်။ ဒီကာလ လူရဖို့ မလွယ်ပါဘူး။ လူငယ်တွေလည်း အသိအမြင်တွေ ပွင့်ကုန်ပြီလေ။ လူမရရင်တော့ ဆက်ကြေး ပိုကောက်မယ့်သဘောရှိတယ်” ဟု ပြောသည်။
ပေါ်မူကျေးရွာအုပ်စုတွင် PNA မှ တပ်သားသစ် ၃၀ စုဆောင်းရန် ဇန်နဝါရီလ ပထမအပတ်ခန့်ကတည်းက ကျေးရွာအုပ်ချုပ်ရေးမှူးအား ပြောဆိုခဲ့ပြီး ရိက္ခာအဖြစ် ငွေကျပ် ၄၀,၀၀၀ လည်း ထည့်ဝင်ရမည်ဟု ဆိုသည်။
လတ်တလောတွင် ကျေးရွာရှိ လူငယ်အများစုမှာ ပြည်ပသို့ အလုပ်ထွက်လုပ်နေကြသည့်အပြင် အချို့မှာလည်း ကြောက်လန့်၍ ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု ဆိုသည်။
သို့သော် ပအိုဝ်းလူမျိုးအတွက် ဂုဏ်ယူပြီး PNA တပ်သို့ ဝင်ကြမည့် လူငယ်အနည်းစုရှိသည်ဟု ကျေးရွာနေ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဆက်ပြောသည်။
“ဆယ်ပုံတစ်ပုံတော့ ရှိတာပေါ့နော်။ PNO က ဝါဒဖြန့်ခံထားတဲ့သူတွေ အမျိုးသားရေး အစွန်းရောက်တဲ့ သူတွေပေါ့။ အဲ့လိုလူက ခေတ်အဆက်ဆက်ကတည်းက ရှိပါတယ်။ စစ်တပ်ထောက်ခံတဲ့ လူတွေလိုပေါ့။ အဲ့လို တွေက PNO တအား စည်းရုံးဖို့ မလိုဘူး။ အလိုလိုနေရင်း သူတို့က ဝင်ချင်နေတာ” ၎င်းက ဆိုသည်။
ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် တောင်ကြီးမြို့နယ် မပါဝင်သော်လည်း ပအိုဝ်းလူမျိုးအများစု နေထိုင်ကြသည့် ကျေးရွာများကိုမူ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း PNO က အုပ်ချုပ်ထားသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် တောင်ကြီးမြို့တွင်းနှင့် မြို့အဝင်/မြို့အထွက် ဂိတ်များတွင်လည်း PNA တပ်မှ လုံခြုံရေး အများစု ယူထားပြီး စစ်ကောင်စီတပ်မှာ ၃ ပုံ တစ်ပုံခန့်သာ ပါဝင်သည်ဟု မြို့နေပြည်သူများက ပြောဆိုသည်။
NMG ပေးပို့သည်။