မြန်မာဒုက္ခသည်များကို ထိုင်းကလက်ခံမည်ဆိုသော်လည်း တစ်လကျော်သည်အထိ မထူးခြား

By MPM 24 ဇန်နဝါရီ, 2024 👁

ထိုင်းနယ်စပ်တလျှောက်တွင် ရောက်နေကြသည့် မြန်မာဘက်ခြမ်းက ဒုက္ခသည်များကို လက်ခံသွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သော်လည်း တစ်လကျော်လာချိန်အထိ ထူးခြားမှုမရှိသေးဟု စစ်ရှောင် အရေး လုပ်ဆောင်နေသူများနှင့် ကရင်နီစစ်ရှောင်များက ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စစ်ရှောင်များကို လက်ခံသွားမည်ဟု ပြောဆိုထားသော်လည်း မြေပြင်မှ စစ်ရှောင် များကို ယခင်နေထိုင်ခဲ့ကြသည့် နေရာသို့ ပြန်နေကြရန် ထိုင်းအာဏာပိုင်များက ဖိအားပေးနေသည်ဟု ကရင်နီ အမျိုးသမီးအစည်းအရုံး- KNWO အတွင်းရေးမှူး ၂ မော်ဖရေးမြာက ပြောသည်။

“တကယ်တမ်းကတော့ ထိုင်းကတော့ သတင်းမှာဖော်ပြတာကတမျိုး ဖြစ်နေတယ်။ ဒါပေမယ့် မြေပြင်မှာတော့ လူသားချင်း စာနာထောက်ထားမှု အကူညီတွေပြီးရင် သူတို့လက်ခံပေးမယ့်ဟာတွေကတော့ နည်းနည်းလေး ဆန့်ကျင်သလိုမျိုး ဖြစ်တယ်။ ဥပမာ-နယ်စပ်တလျောက်မှာ ရောက်နေတဲ့ စစ်ရှောင်တွေဆိုရင် သူတို့ အမျိုးမျိုးသော နည်းလမ်းနဲ့ ပြန်ဖို့ကိစ္စကိုပဲ ကိုယ့်ရဲ့နယ်မြေမှာပဲ ပြန်နေဖို့ကိစ္စကိုပဲ ဖိအားပေးတာမျိုးတွေတော့ ကြုံနေရတယ်ပေါ့နော်။ ဒါပေမယ့် သတင်းမှာ တက်လာတာကျတော့ အဲလိုပုံစံမျိုးနဲ့ ဖော်ပြတာ တမျိုးတော့ ဖြစ်နေတယ်ပေါ့နော်” ဟု ၎င်းက ဆိုသည်။

ထိုင်း-ကရင်နီ နယ်စပ် အပါအဝင် ထိုင်း-မြန်မာ နယ်စပ်တလျှောက်က စစ်ဘေးဒုက္ခသည်များကို လက်ခံသွား မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြောဆိုခဲ့သည်။

သို့သော် ထိုင်း-မြန်မာ နယ်စပ်တလျှောက်က မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များကို လက်ခံသွားမည်ဆိုသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်မှာ ယနေ့ချိန်အထိ အကောင်အထည် မဖော်သေးသည့်အပြင် ထိုင်း- ကရင်နီ နယ်စပ်က စစ်ရှောင်များကို ယခင်နေခဲ့သည့် နေရာသို့ပြန်ရန်သာ ထပ်မံဖိအားပေးနေသည်ဟု ဆိုသည်။

လက်ရှိ၌ ထိုင်းနိုင်ငံဘက်ခြမ်းတွင် ယာယီလာရောက်ခိုလှုံနေကြသော ထိုင်း-ကရင်နီ နယ်စပ်က စစ်ဘေးရှောင်များကို ထိုင်းအာဏာပိုင်များ ယခုဇန်နဝါရီလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာဘက်ခြမ်းရှိ ဒေါနိုးကူးစစ်ရှောင်စခန်းကို ပြန်ကြရန် ပြောဆိုထားသည်ဟု ကရင်နီစစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“အခြေနေက လုံးဝငြိမ်သက်သွားပြီဆိုရင် ပြန်တက်ခိုင်းတယ်။ တချို့ကတော့ ဆွေမျိုးတွေရှိတဲ့ စခန်းထဲမှာ သွားနေကြတယ်။ တချို့ကတော့ ပြန်တက်ကုန်ပြီ။ အခုက အကုန်ပြန်မောင်းတက်တော့ ပြန်တက်တဲ့သူတွေ ရှိတယ်။ အကုန်ပြန်တက်ခိုင်းပြီ” ၎င်းက ဆိုသည်။

ထိုင်းအာဏာပိုင်များက ဖိအားပေး ပြန်ခိုင်းနေသော အဆိုပါစစ်ရှောင်များမှာ မြန်မာဘက်ခြမ်းရှိ ဒေါနိုးကူး စစ်ရှောင်စခန်းက စစ်ရှောင်များ ဖြစ်ကြသည်။

စစ်ကောင်စီတပ်၏ လေကြောင်းအပြင် လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခံရမှုများကြောင့် မြန်မာဘက်ခြမ်းရှိ ဒေါနိုးကူးစစ်ရှောင်စခန်းမှ ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာကြသူများ ဖြစ်ကြသည်။

အဆိုပါ စစ်ရှောင်များမှာ တိုက်ပွဲများ၊ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှု အခြေအနေများအရ မြန်မာဘက်ခြမ်းနှင့် ထိုင်းဘက်ခြမ်းကို အပြောင်းအရွှေ့ လုပ်နေရသည်မှာ ၃ ကြိမ် ရှိပြီဟု ပြောဆိုကြသည်။

ယနေ့အချိန်ထိလည်း တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်၍ ဒေါနိုးကူးဘက်ခြမ်းကို ပြန်လည်နေထိုင်ရန်လည်း မဖြစ်နိုင်သေးကြောင်း စစ်ရှောင်များက ပြောသည်။

စစ်ရှောင်တစ်ဦးက “လေယာဉ်တွေလာတာတော့ မရှိတော့ဘူး။ ဒါပေမယ့် ရှားတောဘက်မှာ အရင်တစ်ရက် နှစ်ရက်က တိုက်ပွဲတွေ အပြင်းထန်ဖြစ်နေလို့ လက်နက်ကြီးတွေနဲ့ တအားပစ်တယ်။ လေယာဉ်နဲ့လည်း လာကြဲတယ် ပြောတယ်။ ပြေးဆင်းလိုက် ပြန်တက်လိုက် ပြေးဆင်းလိုက် ပြန်တက်လိုက်နဲ့ ဒီတစ်ခေါက်ပါရင် ၃ ခေါက် ရှိပြီ။ တခါဆင်းလာလိုက် တဲတစ်ခါလာဆောက်လိုက်၊ ပြန်တက်ရင် တစ်ခါပြန်ဖြုတ်လိုက်နဲ့ ဒီတစ်ခေါက် တော့ ဘယ်လိုလုပ်ကြမလဲ မသိသေးဘူး” ဟု ဆိုသည်။

ထိုင်းအာဏာပိုင်များက ယခုဇန်နဝါရီလ ၁၈ ရက်နေ့ နောက်ဆုံးထား၍ ဒေါနိုးကူးဘက်ခြမ်းသို့ ပြန်ကြရန် ပြောထားသော်လည်း စစ်ရှောင်များမှာ ရွေးချယ်စရာမရှိ၍ လက်ရှိနေနေသည့် ထိုင်းဘက်ခြမ်းက နေရာမှာပဲ ဆက်ပြီး နေနေကြသည်ဟု ပြောဆိုသည်။

ဒေါနိုးကူးစစ်ရှောင်စခန်းတွင် စစ်ရှောင်အိမ်ထောင်စု ၁၀၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၅၀၀၀ ခန့် ရှိသည်။ ၎င်းစစ် ရှောင်များမှာ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ကရင်နီပြည်အတွင်းရှိ နေရာဒေသအသီးသီးမှ ထွက်ပြေးလာကြသော စစ်ရှောင်များ ဖြစ်ကြသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဒေါနိုးကူးစစ်ရှောင်စခန်းကို စစ်ကောင်စီက လေယာဉ်နှင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်ရှောင်တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို စစ်ရှောင်သူ အယောက် ၈၀၀ ခန့် ထွက်ပြေးရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ယခင်နေခဲ့ကြသည့် ဒေါနိုးကူး စစ်ရှောင်စခန်းကို ပြန်လည်နေထိုင်ရန်အတွက် လုံခြုံမှု မရှိသေးသောကြောင့် လုံခြုံနိုင်မည့် ထိုင်းဘက်ခြမ်းတွင် ဆက်နေထိုင်ခွင့် ပြုစေချင်သည်ဟု စစ်ရှောင်များက ပြောဆိုသည်။

NMG ပေးပို့သည်။