နိုင်ငံရေးအကျဥ်းသူ၊ အကျဉ်းသားများ ပုံစံအမျိုးမျိုးဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများနဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ၏ ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုသိုက်ထွန်းဦးနှင့် ဆက်သွယ်မေးမြန်းချက်။
စစ်တပ်က နိုင်ငံအာဏာကိုသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ တော်လှန်ရေးနှင့်ဆက်စပ်သဖြင့် စစ်ကောင်စီတပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူ စုစုပေါင်း ၂၅,၀၀၀ ကျော် ရှိနေပြီး ၎င်းတို့အနက်မှ ၈,၀၀၀ ကျော်မှာ နိုင်ငံတစ်ဝှမ်းရှိ အကျဥ်းထောင်များအတွင်း အကျဥ်းချခံနေရသည်။
ထိုသို့အကျဥ်းချခံထားရသည့် နိုင်ငံရေး အကျဥ်းသား၊အကျဥ်းသူများသည် အကျဉ်းထောင်များအတွင်း အာဏာပိုင်များ၏ ကိုယ်နှုတ်အမှုအရာဖြင့် လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုခံရခြင်း၊ ပြင်းထန်စွာ ရိုက်နှက် ခြိမ်းခြောက်ခံရခြင်းအပြင် လုံလောက်သောဆေးဝါးစောင့်ရှောက်မှု မရှိသဖြင့် အသက်ဆုံးရှုံးသည်အထိ ထိခိုက် နစ်နာနေကြသည်။
ယင်းတို့ကြောင့် လက်ရှိတွင်အကျဥ်းထောင်များအတွင်း နိုင်ငံရေးအကျဥ်းသူ၊အကျဉ်းသားများ ပုံစံအမျိုးမျိုးဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများဖြစ်ရပ်များပေါ်တွင် အမြင်သဘောထား၊ အကျဥ်းသားများအား လူ့အခွင့်အရေးရရှိရန် ကြိုးပမ်းမှုများကို သိရှိနိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ၏ ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုသိုက်ထွန်းဦးနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။
မေး။ ။ မြန်မာနိုင်ငံက အကျဥ်းထောင်တွေမှာ စစ်တပ်ကအာဏာသိမ်းထားတဲ့ကာလအတွင်း နိုင်ငံရေးအကျဥ်းသားတွေ ဘယ်လိုပုံစံနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာပါလဲရှင့်။
ဖြေ။ ။ လက်ရှိအကျဥ်းထောင်တွေမှာ နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူတွေ အပါအဝင် LGBT တွေ ဘာသာရေးအရ မတူညီတဲ့သူတွေလည်း တန်းတူဖိနှိပ်မှုတွေ ခံနေရပါတယ်။ အဲဒီထဲမှာ အမျိုးသမီးတွေဆိုရင် သူတို့ရဲလိင်အင်္ဂါတွေကို နှိုက်ယူစစ်ဆေးတာတွေ၊ မအေနှမကိုယ်ချင်းမစာဘဲ ဆဲဆိုကြိမ်းမောင်းတာတွေ၊ တကိုယ်ရည်သုံးပစ္စည်းတွေ သိမ်းခံရတာမျိုး ဥပမာ- သူတို့တွေ ဓမ္မတာလာချိန်မှာသုံးတဲ့ ပစ္စည်းတင်သွင်းဖို့ စောင့်ရတာတွေ ဖြစ်နေပါတယ်။ ပြီးတော့ မန္တလေးအိုးဘိုအကျဥ်းထောင်မှာဆိုရင် အမျိုးသမီးတွေရဲ့ အဆောင်တွေမှာ CCTV တွေ တပ်ထားတာတွေ၊ တချို့ CCTV တွေဆိုရင် အမျိုးသမီးရေချိုးစင်နားလောက်အထိ မြင်ရတာမျိုးပေါ့။ တခါတခါမှာ လုံခြုံရေးအကြောင်းပြပြီးတော့ ထောင်ဦးစီးမှူးအထက်က အမျိုးသားဝန်ထမ်း တွေက စောင့်ကြည့်တာတွေ၊ ပြဿနာတစုံတရာ ဖြစ်တယ်ဆိုတဲအကြောင်းပြချက်နဲ့ Record တွေကို ပြန်ကြည့်တာတွေ ရှိတယ်။ အဲ့လိုအခါမျိုးမှာ အမျိုးသမီးတွေ ထဘီရင်ရှားနဲ့ လှုပ်ရှားသွားလာတာမျိုးကို သူတို့ရဲ့ ခွင့်ပြုချက်မရဘဲ ပြန်ကြည့်တာပေါ့ စတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခံနေရတာပါ။
LGBTတွေဆိုရင်လည်း အကျဥ်းထောင်အတွင်း အမျိုးသားဝန်ထမ်းတွေက ပါးစပ်ကနေရော ကိုယ်တွေ့ရော လိင်ပိုင်းဆိုင်ရာ စော်ကားတာမျိုးတွေ ကြုံရတယ်။ သူတို့စိတ်အာသာဖြေဖို့အတွက် ပြောဆိုဆက်ဆံတာတွေ၊ LGBT အကျဥ်းသားတွေရဲ့ ရင်ဘတ်တွေ၊ တင်ပါးတွေကို ကိုင်တွယ်တာမျိုးတွေကိုပါ မန္တလေးအကျဥ်းထောင်မှာ ပြုလုပ်လေ့ရှိတယ်။ သူတို့ရဲ့မတူကွဲပြားတဲ့ Gender အပေါ်မှာ ခွဲခြားဆက်ဆံတာတွေကို ခံနေရပါတယ်။ အမျိုးသားတွေဆိုရင်လည်း ထောင်အာဏာပိုင်တွေရဲ့လိုအပ်ချက်တွေကို ထောက်ပြဝေဖန်သူတွေကို ထောင်အာဏာပိုင်တွေအပါအဝင် အဆောင်မှူးတွေက အညှိုးထားပြီး ခေါ်ယူရိုက်နှက်တာတွေ၊ တခြားအမှု ပြဿနာတွေ ရှိတယ်ဆိုရင်တောင်မှ သူတို့တွေကို မဆိုင်ဘဲနဲ့ခေါ်ပြီး ရိုက်နှက်တာတွေဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ကတည်းက ကိုဖြိုးဇေယျာသော်တို့ကိစ္စနဲ့ အကျဥ်းသားရဲ့ပါဆယ်ကို အခြားရာဇဝတ်အကျဥ်းသားက ဖြတ်ယူတဲ့ အတွက် အချင်းချင်းပဋိပက္ခဖြစ်တာကို ဦးတည်ပြီး ရိုက်နှက်တိုက်ပိတ်ခံထားရတဲ့ အကျဥ်းသားတွေကလည်း မန္တလေးအကျဥ်းထောင်မှာ ၂ နှစ်ကျော် ကာလရှိနေပါပြီ။ သူတို့ရဲခြေထောက်တွေကိုလည်း အခုချိန်အထိ ခြေကျင်း ခတ်ထားတယ်လို့ ကျနော်တို့သိရပါတယ်။
မေး။ ။ အခုလိုပုံစံအမျိုးမျိုးနဲ့ အခွင့်အရေးချိုးဖောက်ခံနေရတာကို PPNM အနေနဲ့ ဘယ်လိုထင်မြင်ပါလဲ။
ဖြေ။ ။ အကျဥ်းသားတိုင်းအပါအဝင် လူတိုင်းမှာ Right to live ဆိုတဲ့ အသက်ရှင်သန်ခွင့် ရှိပါတယ်။ အခြေခံ အခွင့်အရေးလည်းဖြစ်တယ်။ ဒီအခွင့်အရေးက လက်ရှိဘဝမှာဆိုရင် ဆုံးရှုံးနေရတယ်။ ဘယ်လိုပုံစံမျိုးလဲဆိုတော့ ကျနော်တို့ထောင်ထဲမှာ ထောင်အာဏာပိုင်တွေရဲ့ ငြိုငြင်ခြင်းခံရတဲ့သူတွေက စစ်ကောင်စီနဲ့ပေါင်းပြီး ပြင်ပကို ခေါ်ထုတ်ပြီးတော့ သတ်ဖြတ်ခံရတာ၊ ထောင်ရွှေ့တဲ့အချိန်မှာ သတ်ဖြတ်ခံရတာ၊ ထောင်မရွှေ့ခင် စပ်ကြားမှာလည်း ထောင်ထဲမှာတင်ပဲ ဝိုင်းဝန်းရိုက်နှက် နှိပ်စက်လို့သေဆုံးတာ၊ တဖက်ကနေလည်း သူတို့ကို အချိန်မီဆေးကုသမှု မပေးတာ၊ ဆေးဝါးစောင့်ရှောက်မှုမရှိဘဲ ပစ်ထားလို့ သေဆုံးရတာတွေ လက်ရှိ အချိန်အထိလည်း ရှိနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာပဲ ကျိုက်မရောအကျဥ်းထောင်မှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသားနှစ်ဦး အကျဥ်းထောင် ထောင်အာဏာပိုင်တွေအပါအဝင် ထောင်ဆေးရုံအုပ်ရဲ့ ဆေးဝါးစောင့်ရှောက်မှု အချိန်မီမပေးတာတွေ၊ အရေးပေါ်ဆေးရုံပို့ရမယ့်လူနာတွေကို မပို့ခိုင်းဘဲ သူကိုယ်တိုင်ပဲ ကုမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ထောင်ထဲမှာပဲထားထားတာတွေ၊ သူတို့ရဲ့ဆုံးဖြတ်ချက် မမှန်ကန်မှုတွေကြောင့် အဲဒီအကျဥ်းသားနှစ်ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။
မေး။ ။ PPNM အနေနဲ့ရော နိုင်ငံရေးအကျဥ်းသားများကို ကူညီစောင့်ရှောက်ရေးအတွက် ဘယ်လိုကဏ္ဍတွေကနေ ပါဝင်လုပ်ဆောင်နေပါလဲ။
ဖြေ။ ။ ကျနော်တို့ PPNM ကတော့ လက်ရှိမှာ အပိုင်း (၂) ပိုင်း ခွဲပြီးတော့ လုပ်ဆောင်နေပါတယ်။ ပထမအပိုင်း ကတော့ အကျဥ်းထောင်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြည်သူတွေအပါအဝင် နိုင်ငံတကာက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေသိရှိဖို့၊ ဖော်ထုတ်မှတ်တမ်းတာ ရှိပါတယ်။ တဖက်မှာလည်း မှတ်တမ်း တင်တာတွေလုပ်ပြီးတော့ သက်ဆိုင်ရာလူ့အခွင့်အရေးဝန်ကြီးဌာနတွေ အပါအဝင် လူ့အခွင့်အရေး မဟာမင်းကြီးထံကိုလည်း အချိန်နဲ့တပြေးညီ ပေးပို့လျက်ရှိပါတယ်။ နောက်တစ်ခုက ကျနော်တို့ အကျဥ်းသား အခွင့်အရေးနဲ့ ပတ်သက်လာရင် လစဥ်ကမ်ပိန်းတွေ ပြုလုပ်ပါတယ်။ အခုကျနော်တို့လုပ်နေတဲ့ ထောင်တွင်း ဆေးဝါးလုံလောက်စွာ ရရှိရေး ကမ်ပိန်းကလည်း အရှေ့ပိုင်းမှာနှစ်ကြိမ် ကျနော်တို့လုပ်ခဲ့ပြီးပါပြီ။ လကုန်ပြီး တစ်ရက်နေ့မှာလည်း တစ်ကြိမ်ပြုလုပ်ဦးမှာဖြစ်ပါတယ်။
မေး။ ။ PPNM ရဲ့ လုပ်ငန်းစဥ် ရည်ရွယ်ချက်ကိုရော ပြောပြပေးပါလား။
ဖြေ။ ။ ရည်ရွယ်ချက်ကတော့ ဒီလိုအကျဥ်းထောင်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြည်သူတွေ သိရှိတဲ့အတွက် အမှုတွေလျော့နည်းသွားစေဖို့ပါ။ တဖက်မှာလည်း ကျူးလွန်သူတွေအနေနဲ့ သူတို့ကျူးလွန်ခဲ့တဲ့ အမှုတွေအပေါ်မှာ ထိုက်သင်တဲ့ပြစ်ဒဏ်တွေ ပြန်လည်ခံရဖို့၊ အကူးအပြောင်းကာလမှာ နစ်နာသူတွေကိုယ်စား တရားမျှတမှု ဖော်ဆောင်တဲ့အခါ ပြည်သူ့တရားရုံးမှာ စနစ်တကျ တရားစွဲဆိုနိုင်ဖို့ ကျနော်တို့အနေနဲ့ မှတ်တမ်းတင်ထားတယ်ဆိုတာ အသိပေးလိုတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
မေး။ ။ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအတွက် PPNM ရဲ့ လုပ်ငန်းစဥ်တွေမှာ ဘယ်လို အစုအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပါလဲ၊ ကြိုးပမ်းမှုရလဒ်နဲ့ပတ်သက်ပြီးတော ဘာတွေရှိလဲဆိုတာလည်း ပြောပြပေးပါဦး။
ဖြေ။ ။ အရပ်ဖက်အဖွဲ့အစည်းတချို့ကလည်း ကျနော်တို့နဲ့အတူတူ ဝိုင်းဝန်းကူညီတာရှိတယ်။ တော်လှန်ရေး အင်အားစုတွေထဲက ဆိုရင်လည်း ပါဆယ်နယ်အရရော ပူးပေါင်းပြီးတော့ သူတို့ပါဝင်နိုင်တဲ့ ကမ်ပိန်းတွေမှာ ပါဝင်နေတာရှိတယ်။ အဓိက စစ်ကောင်စီကို တားစီးဖို့က ကျနော်တို့မြေပြင်မှာ ပြောနေရုံနဲ့တော့ ပြောင်းလဲမရနိုင်ဘူး။ အဲဒီအတွက် ဒါတွေအမြန်ဆုံး ငြိမ်သက်ဖို့ဆိုတာကတော့ တော်လှန်ရေးမှတပါး လက်ရှိမှာ မရှိသေးပါဘူး။ ICRC အဖွဲ့အစည်းဆိုရင်လည်း စစ်ကောင်စီကို ထောင်တွင်းဝင်ခွင့်ရဖို့ မပြောဆိုနိုင်သေးဘူး။ နိုင်ငံတကာရဲ့ဖိအားက စစ်ကောင်စီအပေါ်မှာ အတိုင်းအတာတစ်ခုအထိတော့ ခံရတယ်ဆိုပေမယ့် နိုင်ငံရေး အကျဥ်းသားတွေအပေါ်မှာ အကာအကွယ်ပေးနိုင်လောက်တဲ့အထိ ကျနော်တို့မစွမ်းဆောင်နိုင်သေးဘူး။
ဒါကြောင့် ကျနော်တို့အနေနဲ့ တော်လှန်ရေးအပေါ်မှာ နံပါတ်(၁) အားကိုးယုံကြည်တယ်၊ တော်လှန်ရေး မအောင်မြင်ခင် ကာလမှာ အကျယ်ထောင်မှာရှိနေတဲ့ မြန်မာပြည်သူတွေအနေနဲ့လည်း အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူတွေ ပိုပြီးခံစားနေရတယ်ဆိုတဲ့ ခံစားမှုနဲ့ တတ်နိုင်တဲ့အားနဲ့ ဆေးဝါးစောင့်ရှောက်မှုလိုမျိုး ကူညီထောက်ပံ့မှုတွေ ရရှိဖို့ ဝိုင်းဝန်းတောင်းဆိုပေးကြမယ်ဆိုရင် သူတို့တွေ မလွတ်မြောက်လာခင်မှာ အထဲမှာ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ပြီး သူတို့မိသားစုတွေရဲ့ လက်ထဲကို ကောင်းကောင်းမွန်မွန်နဲ့ ပြန်ရောက်လာဖို့ ကျနော်တို့တွေ အကောင်းဆုံးကြိုးစားနိုင်မယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ PPNM အနေနဲ့ ပြည်သူတွေကို ဘာသတင်းစကားပေးချင်ပါလဲ။
ဖြေ။ ။ ကျနော်တို့လုပ်နေတဲ့ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာရရှိရေး ကမ်းပိန်းပေါ့နော်၊ အဲဒီလို ကမ်ပိန်းတွေမှာ ပြည်သူတွေအနေနဲ့ မိမိတို့ပါဝင်နိုင်တဲ့ဓာတ်ပုံ ရိုက်ပြီးမှပါဝင်တာမျိုး၊ အကျဥ်းသားဟောင်းတွေ ဆိုရင်လည်း မိမိတို့ရဲ့အကျဥ်းထောင်တွေမှာ ကြုံခဲ့ရတာတွေကို ရုပ်သံအနေနဲ့ပြောပြပေးရာမှာ လုံခြုံရေးအရ မျက်နှာကို ဝါးပစ်လိုက်တာမျိုးနဲ့ ပါဝင်နိုင်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီကို ဖိအားပေးခြင်းနဲ့ အခုလိုမျိုး ထောင်တွင်းဖိနှိပ်မှုတွေ အနည်းငယ်တော့ သက်သာသွားစေနိုင်ပါတယ်ဆိုတဲ့ အကြောင်း သတင်းစကားပါးချင်ပါတယ်။
KIC ပေးပို့သည်။