ရှဒူးဇွပ်တွင် မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့က စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်နေလို့ ဒေသခံတို့ကြားစိုးရိမ်နေ

By MPM 10 အောက်တိုဘာ, 2024 👁

ကချင်ပြည်နယ်၊ တနိုင်း – လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူးဇွပ်ကျေးရွာတွင် မင်းဇေသန့်ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့က စစ်အင်အား ၃၀၀ ဝန်းကျင်နှင့် စစ်အင်အားပြ စစ်ရေးလှုပ်ရှားမှုကို လုပ်ဆောင်နေကြောင်း ရှဒူးဇွပ်ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

ပြည်သူ့စစ်တပ်စခန်းရှိသည့် ရှဒူးဇွပ်ကျေးရွာအဝင် စံပြကျေးရွာတွင် ယခင်ကထက် စစ်အင်အားပိုမိုတိုးချဲ့ထားပြီး စစ်အင်အားပြ စစ်ရေးလှုပ်ရှားလေ့ကျင့်မှုတို့ကို နေ့စဉ်လုပ်ဆောင်နေသည်မှာ နှစ်ပတ်ခန့်ရှိလာပြီလို့ ရှဒူးဇွပ်ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

“နှစ်ပတ်လောက်ရှိလာပြီ။ အမျိုးသမီးတစ်သုတ်၊ အမျိုးသားတွေတစ်သုတ်နဲ့ ဘယ်ညာဘယ်အော်ဟစ်ပြီး ရွာအလယ်ကနေဖြတ်ပြီး စစ်ရေးလှုပ်ရှားနေတာ။ အရင်ကတော့ တခါမှမမြင်ဖူးသေးဘူး။ အခု ဒီနောက်ပိုင်းမှ မြင်ဖူးလာတာ” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွင် ယခင်က အမျိုးသမီးစစ်သည်များကို တွေ့ရလေ့မရှိသော်လည်း ယခုနောက်ပိုင်း အမျိုးသမီးများကိုပါ စစ်သင်တန်းပေးပြီး အဖွဲ့ (၅) ဖွဲ့ (၆) ဖွဲ့ခန့်ခွဲကာ နေ့စဉ်ပုံမှန် စစ်ရေးပြလှုပ်ရှားနေတာကြောင့် ဒေသခံပြည်သူများကြား စိုးရိမ်မှုများ ဖြစ်နေသည်ဟု ၎င်းကဆက်ပြောသည်။

ရှဒူးဇွပ်ကျေးရွာတွင် တိုက်ပွဲ ငြိမ်သက်နေသည်မှာ တစ်နှစ်ခန့် ကြာမြင့်သွားပြီဖြစ်ပြီး ယခုလို မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ တပ်ချထားသည့် စံပြကျေးရွာ ပြည်သူ့စခန်း၊ ရှဒူးဇွပ်တံတားပေါ် ဂိတ်နေရာနှင့် ရှဒူးဇွပ် ကျေးရွာထဲက မင်းဇေသန့်နေအိမ် တပ်နေရာ ၃ ခုတို့ကို အုတ်တံတိုင်းများနှင့် အခိုင်အမာဆောက်လုပ် ပြင်ဆင်နေတယ်လို့ ရှဒူးဇွပ်ဒေသခံအမျိုးသားက ထည့်သွင်းပြောဆိုသည်။

ယင်းအပြင် ရှဒူးဇွပ်ကျေးရွာ ကက်သလစ်အသင်းတော် ဆုတောင်းကုန်းပေါ်မှာလည်း တပ်စွဲထားပြီး ယင်းနေရာကနေ လက်နက်ကြီးလှမ်းထောက်ကာ ကျေးရွာတစ်ခုလုံးကို ထိန်းချုပ်ထားသည်ဟု ဆိုသည်။

ရှဒူးဇွပ်ကျေးရွာအပြင် ပြည်သူ့စစ်စခန်းအထိုင်ချထားသည့် စံပြကျေးရွာနှင့် ဝါရာဇွပ်ကျေးအထိ ဒရုန်းလွှတ်ပျံဝဲပြီးတော့ ညတိုင်းလိုလို ကင်းထောက်စောင့်နေသည်ဟု ဒေသခံပြည်သူတို့ ပြောဆိုချက်အရ သိရသည်။

ထိုအခြေအနေများကြောင့် ပြည်သူ့စစ်တပ်စခန်းနှင့် နီးစပ်သည့် ရှဒူးဇွပ်၊ အောင်ရာ၊ စံပြကျေးရွာစသည့် ကျေးရွာနေပြည်သူတချို့သည် နီးစပ်ရာမြို့ပေါ်ဘက်ကို တိမ်းရှောင်သွားကြသလို တချို့မှာ ယာယီတိမ်းရှောင် စခန်းဆောက်လုပ်ထားပြီး တိမ်းရှောင်ရန် ပြင်ဆင်နေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရှဒူးဇွပ်တိုက်ပွဲသည် ပြီးခဲ့သည့် ၂၀၂၃ ဇူလိုင်လတွင် တစ်ပတ်နီးပါးကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် တိုက်ပွဲပြန်လည်ငြိမ်သက်သွားတာ ဒီကနေ့အထိဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

ယခု ၂၀၂၄ နှစ်ဆန်းပိုင်းကစ၍ ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနှင့် KIA က စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်နေချိန်၌ ဟူးကောင့်ချိုင့်ဝှမ်း တနိုင်း – လီဒိုလမ်းမပေါ် ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်တည်ရှိသည့်နေရာတွင်လည်း စခန်းသိမ်းတိုက်ပွဲ ဖြစ်လာမည်ဆိုသောသတင်းများလည်း ထွက်ပေါ်လာနေသည်။

KNG ပေးပို့သည်။