ရွှေကူ-ငအိုးလမ်းမကြီးကို အသုံးမပြုကြဖို့ KIA က ဒုတိယအကြိမ် ထပ်မံသတိပေး

By MPM 8 အောက်တိုဘာ, 2026 👁 40

ကချင်ပြည်နယ်၊ ရွှေကူခရိုင်အတွင်းက ရွှေကူ–ငအိုးလမ်းမကြီးကို KIO/KIA က ပိတ်ပင်ထားပြီး အဲ့ဒီလမ်းပိုင်းကိုအသုံးမပြုကြဖို့  တပ်မဟာ ၁၁၊ တပ်ရင်း ၁၂ က အောက်တိုဘာ ၅ ရက်နေ့ရက်စွဲနဲ့ ဒုတိယအကြိမ် ထပ်မံသတိပေးထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကလည်း ဒီတစ်ကြိမ်ထုတ်ပြန်တဲ့တပ်ရင်းတပ်ဖွဲ့တွေကပဲ ငအိုး–ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ပင်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

အခုလို လမ်းပိတ်ထားတာနဲ့ပတ်သက်ပြီး လက်ရှိ ရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားတာ မတွေ့ရသေးပေမယ့် အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တဲ့အခြေအနေကြောင့် ထုတ်ပြန်တာဖြစ်နိုင်တယ်လို့ မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ဒီရက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်တဲ့အခြေအနေတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ အခုလိုစာထုတ်လိုက်တော့ အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ယူဆရတာပေါ့ဗျာ”

ဒီတစ်ကြိမ်ထုတ်ပြန်ချက်မှာတော့ ရွှေကူခရိုင်နယ်မြေအတွင်း နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ KIO/KIA က ပိတ်ပင်ထားတဲ့ ရွှေကူ–ငအိုး လမ်းမကြီးကို အသုံးမပြုကြဖို့နဲ့ ရွှေကူနဲ့ ငအိုးဘက်ကို သွားလာမယ်ဆိုရင် KIO/KIA က သတ်မှတ်ထားတဲ့ တခြားလမ်းကြောင်းတွေကို အသုံးပြုကြဖို့ ပြောထားပါတယ်။

KIO/KIA ကသတ်မှတ်ထားတဲ့လမ်းကြောင်းတွေကတော့ တော်လှန်–လမ်းကူး–စီသာ–မိုးကင့်–စီဖွား လမ်းပိုင်းဖြစ်တဲ့အကြောင်း ပထမအကြိမ်ထုတ်ပြန်ချက်မှာကတည်းက ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ထုတ်ပြန်ချက်နှစ်ကြိမ်စလုံးမှာတော့ အဲ့ဒီလို ပိတ်ပင်ထားတဲ့လမ်းပိုင်းတွေကို သွားလာတာကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ပြဿနာတွေကို KIO/KIA ဘက်က လုံးဝ တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။

လက်ရှိမှာ စစ်တပ်ဘက်က ထိန်းချုပ်ထားတဲ့ ရွှေကူ–ငအိုးလမ်းမကြီးဟာ စစ်ရေးအရလည်း အရေးပါတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

ငအိုးကနေ ရွှေကူအထိ ဆက်သွယ်ပေးထားသလို ရွှေကူကနေတစ်ဆင့် ဗန်းမော်ဘက်ကို ဆက်သွားနိုင်တဲ့ အဓိကလမ်းကြောင်းဖြစ်တယ်လို့ မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။

“ဒီလမ်းပိုင်းကလည်း စစ်ကောင်စီကလည်း လောလောဆည် လက်ရှိမှာ စိုးမိုးထားတာ ရွှေကူ–ငအိုးလမ်းပိုင်း မိန်းလမ်းမကတ္တရာလမ်းကြောကြီးပေါ့။ ငအိုးကနေ ရွှေကူထိအောင် သူတို့အတွက် အဓိကဗျူဟာကျတာပေါ့လေ။ အဲ့ဒီကနေ ရွှေကူကနေတစ်ဆင့် ဗန်းမော်ကိုချီတက်တဲ့ မိန်းလမ်းကလည်း တကယ့်ဗျူဟာမြောက်ပေါ့လေ။ အဲ့တာကြောင့် ဒီလမ်းပိုင်းကို စိုးမိုးချင်လို့ နေရာယူထားတာပါ” လို့ အထက်ပါကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအစပိုင်းကတည်းက ငအိုး–ရွှေကူလမ်းပိုင်းတစ်လျှောက်မှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အဲ့ဒီလမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်ခဲ့တာပါ။

ဒါ့အပြင် စစ်တပ်ဘက်က ထီးချိုင့်–ငအိုးဘက်ကနေ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ရွှေကူဘက်ကို အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတာကြောင့် ဇွန်လကစလို့ ငအိုး–ရွှေကူလမ်းကြောင်းတစ်လျှောက် နှစ်ဖက်တပ်တွေ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပါသေးတယ်။

ဒါ့ကြောင့် KIA ဘက်ကလည်း ဇွန်လအတွင်း ရွှေကူမြို့တွင်းက ပြည်သူတွေကို မြို့ကနေထွက်ခွာဖို့ သတိပေးခဲ့တာပါ။

ဒါပေမဲ့ စစ်သင်္ဘောတွေ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာချိန်မှာတော့ ဗန်းမော်ကိုဦးတည်တဲ့ ငအိုး–ရွှေကူလမ်းကြောင်း တိုက်ပွဲတွေဟာ ခေတ္တငြိမ်သက်နေရာကနေ အောက်တိုဘာ ၅ ရက်နေ့ရက်စွဲနဲ့ KIO/KIA ရဲ့ တပ်မဟာ၁၁ တပ်ရင်း ၁၂ က ထုတ်ပြန်ချက်ထုတ်ပြန်လာတာဖြစ်ပါတယ်။

စက်တင်ဘာလအထိ ရွှေကူမြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ မြေပြင်ထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး ဇွန်လက စစ်ရေးလှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေတဲ့ ရွှေကူ–ငအိုးလမ်းကြောင်းဟာ နှစ်ဖက်တပ်တွေအတွက် စစ်ရေးအရ အရေးပါတဲ့ လမ်းကြောင်းတစ်ခုအဖြစ် ဆက်ရှိနေဆဲဖြစ်ပါတယ်။

KNG