ရွှေကူအခြေစိုက်စစ်ကောင်စီတပ်စခန်း ၂ ခု KIA၊ PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်သိမ်းပိုက်

By MPM 19 အောက်တိုဘာ, 2023 👁

ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ငဘတ်ကြီးကျေးရွာအခြေစိုက် စစ်ကောင်စီ ခမရ ၆၀၂ နှင့် ခလရ ၅၆ စခန်းတို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်၍ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ဒေသခံများထံမှ သိရသည်။

KIA နှင့် PDF ပူးပေါင်းတပ်များသည် အောက်တိုဘာ ၁၈ ရက် နံနက် ၆ နာရီခွဲတွင် ငဘတ်ကြီးကျေးရွာအခြေစိုက် ခမရ ၆၀၂ စခန်းအား သိမ်းပိုက်ခဲ့ပြီးနောက် ယင်းနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ခလရ ၅၆ စခန်းကို ထပ်မံ သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ‌ဒေသခံများ၏ ပြောကြားချက်များနှင့် ရုပ်သံမှတ်တမ်းများအရ သိရသည်။

ငဘတ်ကြီး စစ်တပ်ကုန်းသည် ရွှေကူမြို့နှင့် တစ်မိုင်ကျော် အကွာအဝေးတွင်ရှိပြီး စစ်ကောင်စီတပ် အထိုင်တပ်စခန်းဖြစ်သည်။

ထိုစစ်တပ်ကုန်းကို KIA နှင့် PDF ပူးပေါင်းတပ်များသည် နံနက် ၄ နာရီခန့်မှ စတင်ထိုးစစ်ဆင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်များသည် ရွှေကူမြို့ဘက်သို့ ဆုတ်သွားကြပြီး ထိခိုက်သေဆုံးသူများပြားပြီး ထွက်ပြေးသူ အများအပြား ရှိကြောင်းလည်း သိရသည်။

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများသည့်အပြင် တပ်စခန်းများအားလည်း KIA နှင့် PDF ပူးပေါင်းတပ်များက မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် စစ်ကောင်စီတပ်ထံမှ လက်နက်တချို့နှင့် ခဲယမ်း၊ ကျည် အများအပြား၊ စစ်အသုံးအဆောင် ပစ္စည်းအများအပြား သိမ်းဆည်းရရှိခဲ့ပြီး တိုက်ခိုက်မှုအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက် မရှိကြောင်း သိရသည်။

စစ်တပ်ကုန်းစခန်း လက်လွတ်ဆုံးရှုံးခဲ့ရပြီး ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်သည် ရွှေကူမြို့ပေါ်မှ လက်နက်ကြီးများဖြင့် ငဘတ်ကြီးကျေးရွာသို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁ ရက်နေ့က ရွှေကူမြို့နယ်၊ ကျောက်ကြီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ကျောက်ကြီး ရဲစခန်းအား မြို့လှ K-PDF က တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။