ရွေးကောက်ပွဲ အကြိုကာလအတွင်း ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများကို စစ်ကောင်စီ ကျူးလွန်နေဟု IIMM ပြော

By MPM 27 နိုဝင်ဘာ, 2025 👁

လာမည့်နှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲပြုလုပ်မည်ဟု ကြေညာထားသော စစ်ကောင်စီသည် ရွေးကောက်ပွဲ အကြိုကာလအတွင်း မြန်မာနိုင်ငံတွင် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများကို ကျူးလွန်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ထုတ်ပြန်သည်။

IIMM အနေဖြင့် စစ်ကောင်စီက နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နေကြောင်း သတင်းပေး ပို့ချက်များ တိုးလာနေသည်ကိုလည်း လက်ခံရရှိထားကြောင်း ဆိုထားသည်။

“ လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲ ကျင်းပတာ၊ ဒါမှမဟုတ် နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်တာက ယန္တရားရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ပါဝင်တဲ့ ရာဇဝတ်မှု မဟုတ်ပါဘူး။ ယန္တရားရဲ့ လုပ်ပိုင်ခွင့်မှာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ လူမျိုးပြုန်းတီးစေမှုတွေမှာ ပါဝင်ပါတယ်။ ဒါပေမဲ့လည်း ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်စေနိုင်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ လူထုကြားမှာ အကြောက်တရား ပြန့်ပွားစေတဲ့အကြောင်း စိတ်ပူစရာကောင်းတဲ့ သတင်းပေးပို့ချက်တွေကို ယန္တရားက လက်ခံရရှိထားပါတယ်” ဟု ယန္တရား၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောထားသည်။

ရွေးကောက်ပွဲကို ဝေဖန်ရုံဖြင့် ထောင်ဒဏ် နှစ် ၂၀ နှင့် သေဒဏ်အထိ ချမှတ်နိုင်သည့် ဥပဒေကို ပြီးခဲ့ သည့် ဇူလိုင်လတွင် ပြဌာန်းခဲ့သော စစ်ကောင်စီသည် ယင်းဥပဒေကို အသုံးချ၍ ကလေးသူငယ်အပါ အဝင် လူအများအပြားကို ဖမ်းဆီးထားသော သတင်းပေးပို့ချက်များကိုလည်း စုဆောင်းထားကြောင်း IIMM ကဆိုသည်။

ယင်းအပြင် လူမှုကွန်ရက်တွင် ရွေးကောက်ပွဲကို ဝေဖန်ခြင်းနှင့် ဆန့်ကျင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့သည်ဆိုသောစွပ်စွဲချက်များဖြင့် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများမပါဘဲ ဖမ်းဆီးထောင်ချသည့် အထောက်အထားများကိုလည်း IIMM က စုဆောင်းနေကြာင်း ထုတ်ပြန်ချင် တွင်ပါရှိသည်။

စစ်ကောင်စီသည် ၎င်းတို့ဆုံးရှုံးထားသော နယ်မြေများရှိ အရပ်သားနေထိုင်ရာ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေခြင်းနှင့်ပတ်သက်၍လည်း သတင်းပေးပို့မှုများကိုပါ IIMM က စုံစမ်းစစ်ဆေးလျက်ရှိဟုဆိုထားသည်။

“ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်မက်ဥပဒေချိုးဖောက်မှု ဖြစ်တယ်ဆိုတာ အဖွဲ့တွေအားလုံး ကို ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ အရပ်သားတွေကို မရှောင်ရှားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေသာမက၊ နိုင်ငံရေးကိုယ်စားလှယ်လောင်းတွေနဲ့ မဲရေတွက်သူတွေလိုမျိုး ရွေးကောက်ပွဲမှာ ပါဝင်သူတွေကို တိုက်ခိုက်တာ တွေ ဟာ စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်ပါတယ်။ ဒီရာဇ၀တ်မှုကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူနိုင်ဖို့အတွက် အထောက်အထားတွေကို ကျွန်တော်တို့ အားသွန်ခွန်စိုက် စုဆောင်းနေပါတယ်” ဟု ယန္တရား၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောသည်။

စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းနှင့်ပတ်သက်၍ အချက်အလက်များ ရရှိထားပါက ပေးပို့ကြရန်လည်း IIMM က တောင်းဆိုထားသည်။

စစ်ကောင်စီသည် လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပရန် ကြိုးပမ်းနေပြီး ၎င်း၏တစ်ခုတည်းသော နိုင်ငံရေးထွက်ပေါက် အောင်မြင်ရေးအတွက် ဆုံးရှုံးနယ်မြေများကို ချဲ့ထွင်လျက်ရှိနေသည်။

တစ်ဆက်တည်းတွင် စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းပမည့်နယ်မြေ ကျယ်ပြန့်ရေးအတွက် အပြင်းအထန်ကြိုးစားနေသည့်နှင့်အမျှ စစ်ဘက်၊ အရပ်ဘက်ခွဲခြင်းမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှုကို တိုးမြှင့်ကာ စစ်ရာဇဝတ်မှုများကို ပြောင်မြောက်စွာကျူးလွန်နေသည်။

DMG