မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းတွင် စစ်ကောင်စီအမြှောက်တပ်မှပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ကလေး ၂ ဦး အပါအဝင် ဒေသခံပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွာခံများထံမှ သိရသည်။
ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်က ရေးမြို့နယ်၊ ကလော့ကျေးရွာအခြေစိုက် စစ်ကောင်စီ အမြှောက်တပ် ၃၁၆ တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အခုလိုထိခိုက်ဒဏ်ရာ ရခဲ့ကြတာလို့ ကျုံလောင်းရွာခံတစ်ဦးက ပြောသည်။
“ညနေ ၆ နာရီကျော်လောက်က စပစ်တယ်။ ကျုံလောင်းရွာဟောင်းထဲကျတော့ လူ ၉ ယောက်လောက် ကျည်စ ထိမှန်ဒဏ်ရာရတယ်။ ၉ ယောက်ထဲမှာ အသက် ၁၀ နှစ် ကလေးနှစ်ယောက်က ကျည်စထိသွားတယ်။ ၁ ယောက် ကတော့ နည်းနည်းစိုးရိမ်ရတယ်။ နေအိမ် ၃ လုံး ထိသွားတယ်။ တချို့အိမ်က အစမှန်သွပ်လန် အဲ့လိုထိတာလည်း ရှိတယ်” ဟု အဆိုပါရွာခံက ပြောသည်။
လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရသူများကို မွန်ပြည်သစ် ထိန်းချုပ်နယ်မြေရှိဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေကြကြောင်း ၎င်းက ဆက်ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာထဲရှိ လူနေအိမ်များပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ကျုံလောင်းရွာခံ ၃ ပုံ ၂ ပုံခန့်သည် မွန်ပြည်သစ်ထိန်းချုပ်ရာ နယ်မြေအတွင်းရှိ ကျေးရွာများဘက်နှင့် ခြံဘက်သို့ တိမ်းရှောင်နေကြသည်ဟု ရွာခံများက ပြောသည်။
အခြားကျုံလောင်းရွာခံနောက်တစ်ဦးက “လောလောဆယ်က တိုက်ပွဲဖြစ်တာ မရှိဘူး။ ပစ်ခတ်တာ ခြံကနေ အိမ်ပြန်လာတဲ့ အချိန်မှာပစ်တာ။ နောက်ပြီး ဒီလိုပဲထပ်ပစ်နေမှာ စိုးရိမ်ကြတယ်။ စစ်ကြောင်းဝင်လာမှာလည်း စိုးရိမ်နေရတယ်။ ကျုံလောင်းမှာ လက်နက်ကြီး ခဏခဏကျတယ်။ ရွာအပြင်မှာပဲ ကျတယ်။ အခုက ရွာထဲ ကျတော့ စိုးရိမ်ပြီး ရွာကလူ ၃ ပုံ ၂ ပုံလောက်က မွန်ပြည်သစ်ဘက်က ခြံနှင့်ရွာတွေဘက်ကို ပြောင်းရွှေ့ကြတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း မွန်ပြည်သစ် ထိန်းချုပ်နယ်မြေအနီးရှိ ကျေးရွာထဲကို ရေးမြို့နယ် အခြေစိုက် အမှတ် ၃၁၇ မှ လက်နက်ကြီးဖြင့် နှစ်ရက်ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
အလားတူ ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း ရေးမြို့နယ်၊ အာယုတောင်အခြေစိုက် ခမရ – ၃၄၃ နှင့် ခမရ – ၅၇၈ တို့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် ၁၁ နှစ်အရွယ်ကလေး သေဆုံးသွားပြီး အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။
ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းနှင့် တပ်စခန်းတို့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေကျေးရွာတွေထဲ လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက် သေဆုံးမှုရှိခဲ့သည်။
IMNA ပေးပို့သည်။