မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အမြောက်တပ်ကို ရေးဘီလူးအဖွဲ့က လက်နက်ကြီးများနှင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ရေးဘီလူးအဖွဲ့က ပြောသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်ခန့်က ရေးမြို့နယ်အခြေစိုက် အမြောက်တပ်ကို ၇၉ လက်နက်၊ ၄၀-မမတို့ဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။
ရေးဒေသခံတစ်ဦးက “အမြောက်တပ်ဘက်မှာ သေနတ်သံတွေကြားရတာ ဟုတ်တယ်၊ အပစ်ခံရတာလား တိုက်ပွဲလားတော့ ကျနော်တို့လည်း မသိဘူး၊ အသွားအလာတော့ သတိထားနေရတယ်” ဟု ပြောသည်။
ရေးမြို့နယ်အခြေစိုက် အမြောက်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာတွင် အမြောက်တပ်ဘက်က ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း ရေးဘီလူးအဖွဲ့က အထိအခိုက်မရှိပဲ ပြန်လည်းဆုတ်ခွာခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ရေးဘီလူးအဖွဲ့ခေါင်းဆောင်က “ရေးမြို့နယ်က အမြောက်တပ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်။ သူတို့ဘက်ကလည်း နာရီဝက်နီးပါးလောက် ကျနော်တို့ကို ပစ်ခတ်ခဲ့တယ်။ ကျနော်တို့ကတော့ ထိခိုက်မှုမရှိပဲ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ပြောသည်။
အမြောက်တပ် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိသည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ပြောဆိုထားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီဘက်ကလည်း ရေးမြို့နယ်အခြေစိုက် အမြှောက်တပ် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပါ။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း ရေးမြို့မရဲစခန်း စခန်းမှူးနှင့် တပ်သားနှစ်ဦးကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။
ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များကို မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည့်အပြင် ဌာနဆိုင်ရာရုံးများ၊ ရဲစခန်းများနှင့် စစ်ဆေးရေးဂိတ်များကိုလည်း မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။
ထို့အပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အရပ်သားဝန်ထမ်းများနှင့် စစ်ကောင်စီသတင်းပေး ဒလန်ဟု သတ်မှတ်ခံထားရသည့် လူများကိုလည်း မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။
ရှေ့ဆက်လည်း စစ်ကောင်စီသတင်းပေး ဒလန်များကို ပစ်ခတ်ရှင်းသွားမည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသလို အုပ်ချုပ်ရေးမှူးများနှင့် CDM မပြုလုပ်သော ဝန်ထမ်းများကိုလည်း လုပ်ငန်းတာဝန်များမှ နှုတ်ထွက်ကြရန်နှင့် စစ်ကောင်စီနှင့် မပူပေါင်းရန် သတိပေး ထုတ်ပြန်ထားသည်။
စစ်ကောင်စီကလည်း ရေးဘီလူးအဖွဲ့ကို ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးငွေပေးမည်ဟု တန်ပြန်သတင်းထုတ်ပြန်ထားသည်။
NMG – ပေးပို့သည်။