ရေးမြို့၊ အာယုတောင်ပြည်သူ့စစ်အဖွဲ့ကို NMSP-AD ဝင်ရောက်တိုက်ခိုက် ၃ ဦး ဒဏ်ရာရ

By MPM 7 အောက်တိုဘာ, 2024 👁

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့ကို မွန်ပြည်သစ်ပါတီ NMSP-AD က အောက်တိုဘာလ ၆ ရက်နေ့ ညပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် ပြည်သူ့စစ်အဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှိ လင်းဦးပြည်သူ့စစ်အဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး၊ ပြည်သူ့စစ်ခေါင်းဆောင်လင်းဦး လွတ်မြောက်သွားကြောင်း မွန်ပြည်သစ်ပါတီ NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောဆိုသည်။

“မနေ့ညက ၇ နာရီအချိန်လောက်မှာ ရေးမြို့နယ်မြောက်ပိုင်းမှာ အခြေချထားတဲ့ အယုတောင်ပြည်သူ့အဖွဲ့၊ သူတို့က အယုတောင်အုပ်ချုပ်ရေးမှူးရုံးမှာရှိတဲ့ချိန် ကျနော်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ အဖွဲ့ခေါင်းဆောင် လင်းဦးက ပြေးလွတ်သွားတယ်။ သူတို့ရဲ့အဖွဲ့ဝင် ၃ ယောက်တော့ ဒဏ်ရာရသွားကြတယ်။ ၁၀ မိနစ်လောက် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်” ဟု နိုင်ဗညားမွန်က ပြောသည်။

လင်းဦး ဦးဆောင်သည့် အာယုတောင်ပြည်သူ့စစ်အဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာတို့တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရန် အုပ်ချုပ်ရေးမှူးများကို ဖိအားပေးနေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ပြည်သူ့လုံခြုံရေး၊ စစ်မှုထမ်းသင်တန်းဆင်းများနှင့် အငြိမ်းစားစစ်မှုထမ်းဟောင်းများကို ထောက်ပံ့ရန်ဆိုပြီး ရေးမြို့နယ်တွင် ငွေကြေးကောက်ခံမှုများလည်း လုပ်ဆောင်နေကြသည့် ပြည်သူ့စစ်အဖွဲ့ဖြစ်သည်ဟု NMSP-AD ထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း လင်းဦးပြည်သူ့စစ်တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ကားကို ရေးဘီးလူးအဖွဲ့က အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းကြောင့် အဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

ရေးမြို့နယ်မြောက်ပိုင်း၊ အာယုတောင်ကျေးရွာအတွင်းရှိ ဌာနေပြည်သူ့စစ်အဖွဲ့ဝင် ၂၅ ဦးခန့်ကို အရှေ့တောင်တိုင်းစစ်ဌာနချူပ်က ပြီးခဲ့သည့် ဇူလိုင်လအတွင်းက လက်နက်တပ်ဆင်ပေးထားခဲ့သည်ဟု ဆိုသည်။

ထိုလက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ်အဖွဲ့ကို စစ်ကောင်စီက ကင်းစောင့်ခိုင်းစေခြင်း၊ အခွန်ကောက်ခံခြင်းနှင့် စစ်သားစုဆောင်းရေး လုပ်ငန်းစဉ်တို့တွင် စေခိုင်းနေပြီး ပစ်ခတ်တိုက်ခိုက်ဖြစ်ပွားရာတွင်လည်း စစ်ကူအင်အားအနေဖြင့် အသုံးပြုလာနေသည်ဟု ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တို့ထံမှ သိရသည်။

IMNA ပေးပို့သည်။